
စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံဖို့ကြိုးစားနေတာ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီရှိ လာအိုသံရုံးနဲ့ တရုတ်သံအမတ်နေအိမ်ရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက သွားရောက် ဆန္ဒပြတိုက်တွန်းတောင်းဆိုလိူက် ပါတယ်။
ဒေသစံတော်ချိန် ဇူလိုင် ၉ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီအခြေစိုက် လာအိုသံရုံး၊ တရုတ်သံအမတ်နေအိမ်နဲ့ မြန်မာသံရုံးတို့ကို မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒပြခဲ့ကြတာပါ။
လာအိုသံရုံးဟာ မြန်မာစစ်အာဏာရှင်သံရုံးရဲ့ဘေးဘက်မှာ တည်ရှိပြီး တရုတ်သံအမတ် နေအိမ် ကတော့ မြန်မာ သံရုံးရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်ပါတယ်။
၁၉၆၂ ဇူလိုင် ၇ ရက်၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကို အာဏာရှင် ဦးနေဝင်းက အကြမ်းဖက်ဖြိုချဖျက်ဆီးပြီး ဆန္ဒပြကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ သမိုင်းဆိုး ဆဲဗင်းဂျူလိုင် အခမ်းအနားနဲ့အတူ လတ်တလောအခြေအနေမှာ စစ်အာဏာရှင်ကို အသိအမှတ်ပြု ဆက်ဆံဖို့ကြိုးစားလာတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သံရုံးတွေကို မြန်မာ့အရေးဆောင် ရွက်သူတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူ ဒေါက်တာထွန်းဝေက “၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့နေဝင်းက ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖျက်ဆီးခဲ့တယ်၊ ကျောင်းသားသမဂ္ဂကိုသာဖျက်ဆီးလို့ရမယ် ကျနော်တို့ ကျောင်းသားတွေရဲ့စိတ်ဓာတ်ကိုတော့ လုံးဝဖျက်ဆီးလို့မရဘူး၊ ၆၂ ထဲက အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ ကျနော်တို့ လူငယ်ကျောင်းသားတွေရဲ့ စိတ်ဓာတ်က အခုနွေဦးတော်လှန်ရေး အထိ လက်ဆင့်ကမ်းလာတယ်၊ ဒီနေ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် မတရားသိမ်းပိုက်ထားတဲ့ သံရုံးရှေ့ကိုလာပြီးတော့ ဆန္ဒထုတ်ဖော်တယ်။ ပြီးတော့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်သံအမတ်အိမ်ပေါ့နော်၊ ဒီတရုတ်သံအမတ်ကလည်း ကျနော်တို့ မြန်မာပြည်မှာ မတရားကုပ်သွေးစုပ်နေတယ်၊ စီပွားရေးရော စစ်ရေးရော လူသတ်သမား မင်းအောင်လှိုင်ကို ကူညီနေတဲ့ကိစ္စကို ရပ်တန့်ဖို့လာဆန္ဒထုတ်ဖော်တယ်၊ ပြီးတော့ စစ်ကောင်စီ သံရုံးရဲ့ ဟိုဘက် ၂ အိမ်ကျော်လောက်မှာ လာအိုသံရုံးရှိပါတယ်၊ လာအိုသံရုံးကလည်း အခုလက်ရှိ အတုအယောင်သမ္မတ Made in China မင်းအောင်လှိုင်ကိုထောက်ခံပြီး၊ သူ့ပြည်တွင်းကို ခေါ်ပြီး စကားပြောတဲ့အတွက် သူတို့ကိုလည်း ကျနော်တို့ ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဇွန်လဆန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဇွန်လလယ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး အခုဇူလိုင်လဆန်းမှာ လာအိုနိုင်ငံရဲ့ဖိတ်ကြားချက်နဲ့ တတိယမြောက် ပြည်ပခရီးစဉ်ထွက်ခွါခွင့်ရခဲ့တာပါ။
မြန်မာ့အရေးဆောင်ရွက်သူတွေဟာ ၂၀၂၁ စစ်အာဏာစသိမ်းကတည်းက ဝါရှင်တန်ဒီစီက မြန်မာသံရုံး၊ တရုတ်သံရုံးနဲ့ သံအမတ်နေအိမ်တွေရှေ့မှာ ပြည်သူ့ဘက်က ရပ်တည်ဖို့ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ တရုတ်အစိုးရက လစ်လျူရှုထားခဲ့တာပါ။
မြန်မာ့အရေးဆောင်ရွက်သူ မမြတ်ယဉ်ချောက “အဝေးရောက်နေပေမဲ့ ကျမတို့ကလည်း ဓမ္မဘက် က ရပ်တည်ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် အသက်တွေစွန့် ဘဝတွေ စွန့်ပြီးလုပ်နေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့သူတွေနဲ့အတူတူရှိတယ်ဆိုတဲ့အကြောင်းကို လာရောက်ပြီးတော့ ပြသတာ ဖြစ်ပါတယ်၊ ဒီစစ်ခေါင်းဆောင် မအလဟာ တကယ့်သမ္မတ အစစ်မဟုတ်ဘူး၊ ပြည်သူကို ကုပ်သွေးစုပ်ပြီးတော့ အပြစ်မဲ့တဲ့ပြည်သူတွေကို မတရားညှဉ်း ဆဲနေတာကို လက်ဆွဲနုတ်ဆက်ဖို့ လုပ်တဲ့ လာအိုအစိုးရ၊ တရုတ်အစိုးရတွေဟာလည်း သူတို့လည်း လူသတ်သမားပဲ၊ လူသတ်အစိုးရပဲ၊ အဲ့ဒီတော့ ဒါမျိုးတွေကို ဆက်ပြီးတော့မလုပ်ပါနဲ့၊ ကျမတို့ လုံးဝရှုံ့ချတယ်၊ ဒီလိုမျိုး လူရာ မသွင်းသင့်သူကို လူရာသွင်းခြင်းအားဖြင့် သင်တို့ရဲ့ ရပ်တည်ချက်ဟာလည်း မအလနဲ့အတူ နိမ့်ကျမှာ ဆုံးရှုံးမှာဖြစ်တယ်ဆိုတာကို ကျမတို့ လာပြီးတော့ သတိပေးတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဇွန် ၄ ရက်မှာ ဝါရှင်တန်ဒီစီရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက ဝါရှင်တန်ဒီစီ၊ အိန္ဒိယသံရုံး ရှေ့မှာလည်း စစ်အာဏာရှင်ကို ဖိတ်ခေါ် ထိတွေ့ဆက်ဆံခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာအစိုးရတွေ၊ အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေက သိရှိအောင် သတင်းအချက်အလက်ပေးပို့ ဝေမျှတာ၊ မြန်မာပြည်သူတွေ ဘက်ကရပ်တည်ပြီး အကူအညီပေးဖို့တိုက်တွန်းတာတွေ ဆက်တိုက်ပြုလုပ်နေ ပါတယ်။
သုတချမ်းသာ










