DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ ကြေညာ
DVB
·
July 26, 2021
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ ကြေညာ
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာလိုက်ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့ အပြင် လွတ်လပ်၍ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရလို့ ခုလို ပယ်ဖျက်လိုက်တာလို့ စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြို့နယ်အလိုက် မဲစာရင်းတွေ စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှု ဖြစ်ပွားခဲ့တဲ့ မှားယွင်းခဲ့တဲ့ တနိုင်ငံလုံး မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းဟာ ၁၁,၃၀၅,၃၉၀ ဦးရှိတာတွေ့ရှိရကြောင်း၊ ဆန္ဒမဲ လက်မှတ်တွေကို မြေပြင်မှာ ဖွင့်ဖောက်စစ်ဆေးရာမှာ မဲရုံတိုင်းမှာ ဆန္ဒမဲလက်မှတ်တွေ လျော့နည်း ပျောက်ဆုံးတာ၊ တရားမဝင်အပိုရှိနေတာကိုတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကော်မရှင်ရဲ့ ထုတ်ပြန်ချက်ပါ မဲစာရင်းအချက်အလက် စာရင်းဇယားတွေဟာ ဘယ်လောက်အထိ မှန်ကန်မှု ရှိတယ် ၊ မဲစာရင်းတွေ ကွင်းဆင်း စစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိတယ်၊ ဒီစာရင်းတွေကို  ဘယ်သူတွေကယုံကြည်တယ်ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။  

ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက ခန့်အပ်လိုသူတွေနဲ့  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီအဖွဲ့ကို ဖွဲ့စည်းခဲ့ရာမှာလည်း အဲဒီအဖွဲ့ကြောင့် လူဦးရေစာရင်းတွေထပ်ပြီး မဲဆန္ဒရှင်စာရင်းတွေ ၂ ကြိမ် ၃ ကြိမ် အထက်ပါဝင်ခဲ့ကြောင်း၊ မဲစာရင်းတွေမှာ နိုင်ငံသားစိစစ်ရေးကတ်မရှိသူတွေ အစုလိုက်အပြုံလိုက်ပါနေတာ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းနဲ့ မဲစာရင်း ၂ ကြိမ် ၃ ကြိမ် အထက်ပါဝင်နေတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအတွက် အသက် ၆၀ အထက် ကြိုတင်မဲပေးရာမှာ တချို့နေရာတွေမှာ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့ဝင်တွေ ပါဝင်ပြီး နေအိမ်တွေကို သွား ရောက်ဆောင်ရွက်ခဲ့တာရှိတယ်လို့လည်း စွပ်စွဲထားပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်မရှိသူတွေ မဲပေးခွင့်ပြုခဲ့တာ၊ UEC တံဆိပ်မပါတဲ့ အမှန်ခြစ်တံဆိပ်တုံးရိုက်ထားတဲ့ မဲလက်မှတ်တွေကို ခိုင်လုံမဲအဖြစ် သတ်မှတ်ခဲ့တာ၊ မဲရုံတိုင်းမှာ မဲစာရင်းအရေအတွက်တွေမှားအောင် တမင်ကြိုတင်ဆောင်ရွက်ခဲ့တာ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ အန်အယ်လ်ဒီပါတီအနေနဲ့ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုပြီး ဝင်ရောက် စွက်ဖက်မလျော်ဩဇာသုံးကာ ဆောင်ရွက်ခဲ့တာ၊ တခြားပါတီတွေကို ကိုဗစ်-၁၉ ကန့်သတ်တားမြစ်ချက်တွေကို အလွဲသုံးကန့်သတ် ထိန်းချုပ်ပြီး နိုင်ငံတော်အာဏာကို မတရား ရယူဖို့ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ကော်မရှင်က  စွပ်စွဲဖော်ပြထားပါတယ်။ 

ဒါ့အပြင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ဥပဒေ နည်းဥပဒေတွေကို ကျော်လွန် ဆောင်ရွက်ခဲ့တယ်လို့ လည်းဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကိုရော ရွေးကောက်ပွဲ အနိုင်ရအန်အယ်လ်ဒီပါတီခေါင်းဆောင်တွေကိုပါ ဖမ်းဆီး ထိန်းသိမ်းထားပြီး  စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ခုလို ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း ပြောဆိုတာဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်၊

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အစည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုတာ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတ ယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံတွေကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံမထားတဲ့ အာဏာသိမ်း စစ်အုပ်စုသာဖြစ်တယ် အန်အယ်လ်ဒီအနေနဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တခဲနက် ဖော်ထုတ်ခဲ့တဲ့ ပြည်သူ့ဆန္ဒကို အလေးအနက် ပြုပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိစွာ ဆက်လက်ရပ်တည်သွားမယ်လို့ အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြတာပါ။

မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိတဲ့အနက် မဲပေးသူက ၂၇ သန်းကျော် မဲပေးတဲ့ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာခိုင်နှုန်း ၈၀ ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပ  လေ့လောစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီးဖြစ်သလို ရွေးကောက်ပွဲ  ရလဒ်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013