DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့က သုသာန် ၄ ခုတွင် ယနေ့ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၄၅၀ ကျော်ရှိ
DVB
·
July 26, 2021
ရန်ကုန်မြို့က သုသာန် ၄ ခုတွင် ယနေ့ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၄၅၀ ကျော်ရှိ
Donate to DVB

ရန်ကုန်မြို့က  သုသာန် ၄ ခုမှာ  ဇူလိုင် ၂၆ ရက်နေ့အတွက် မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့ပြီး သေဆုံးနှုန်း ၂ ရက်ဆက်တိုက် ကျဆင်းလာတယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဒီနေ့ရေဝေးမှာ ရုပ်အလောင်း ၁၅၀ ဝန်းကျင်၊ ထိန်ပင်မှာ ၁၅၀ ဝန်းကျင်၊ ကျီစုမှာ ၆၀ ကျော်၊ ကျူချောင်းမှာ ၁၀၀ ကျော် စုစုပေါင်း ရုပ်အလောင်း ၄၅၀ ကျော် မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။ 

ဇူလိုင် ၂၀ ရက်နေ့တုန်းက သုသာန်လေးခုမှာ ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး အထိ မီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်တဲ့အတွက် သေဆုံးနှုန်း သိသိသာသာပြန်ကျလာတာဖြစ်တယ်လို့ ရေဝေး၊ သုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

သုသာန်တွေမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက်နည်းပါးလာတာဟာ ကောင်းမွန်တဲ့အခြေအနေဆိုပေမယ့် ကိုဗစ်ရောဂါကို သတိထားဖို့လိုအပ်နေသေးတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။

အရပ်သားအစိုးရလက်ထက်က ချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာစည်းကမ်းတွေကို ကိုယ်ပိုင်အသိနဲ့ လိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။

သေဆုံးနှုန်းပြန်ကျလာတာတွေ့ရပေမယ့် ရုပ်အလောင်းတွေကို လေ့လာကြည့်တဲ့အခါ ကလေး၊ လူငယ်နဲ့ လူလတ်ပိုင်းတွေ ပါဝင်တာကို တွေ့နေရတဲ့အတွက် မပေါ့ဆဖို့ ကျီစုသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ဦးကလည်း ပြောပါတယ်။

“ကိုဗစ်ရောဂါပိုးဟာ မာယာများပြီး သူ့ရဲ့လက္ခဏာတွေ၊ ခံစားရတာတွေ၊ သေဆုံးပုံတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့အတွက် ပြည်သူအားလုံး သတိထားကြဖို့လိုပါတယ်”။ 

ရန်ကုန်မှာ ကိုဗစ်ရောဂါပိုးကူးစက်နှုန်းမြင့်မားနေပေမယ့် အရှေ့ဒဂုံ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်က စက်ရုံလုပ်သားတွေဟာ လူစုလူဝေးနဲ့အလုပ်ပြန်ဆင်းနေတာကို တွေ့ရတဲ့အတွက် ရောဂါပြန့်ပွားမှု ထပ်ဖြစ်မှာကို စိုးရိမ်တယ်လို့ ပရဟိသမားတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ဇူလိုင် ၂၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၄၇၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၉၉၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၄၀ ရာခိုင်နှုန်းကျော် ရှိပြီး တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၃၅၅ ယောက် ရှိပါတယ်။

စစ်ကောင်စီကျန်းမာရေးဌာနက နေ့စဉ်ထုတ်ပြန်တဲ့ကို ဗစ်ပိုးကူးစက်မှုနဲ့ သေဆုံးနှုန်းထက် မြေပြင်မှာ တကယ်တမ်း ကူးစက်သေဆုံးနှုန်းများနေတုန်းပဲဖြစ်တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

Photo- ဘိုစိန်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013