
ကမ္ဘာ့ဖလားပွဲမှာ ခရိုအေးရှားကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ရှုံးထွက် ၁၆ သင်းအဆင့် တက်လှမ်းသွားတဲ့ ပေါ်တူဂီအသင်းသားတွေဟာ ကွယ်လွန်သွားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းဖော် ဒီယေဂို ဂျိုတာကို ဂုဏ်ပြုခဲ့ကြပါတယ်။
လီဗာပူးတိုက်စစ်မှူးလည်းဖြစ်တဲ့ ဂျိုတာဟာ လွန်ခဲ့တဲ့ တနှစ်အကြာက ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ခရိုအေးရှားကို အနိုင်ရတဲ့ပွဲအပြီးမှာတော့ စီရော်နယ်ဒိုက ဂျိုတာရဲ့ နာမည်နဲ့ ကျောနံပါတ် ၂၁ ပါတဲ့ အထူးဂျာစီကို ဝတ်ဆင်ခဲ့သလို ပေါ်တူဂီအသင်းသား အားလုံးကလည်း အဲဒီဂျာစီကို မြှောက်ကိုင်ပြီး ဂုဏ်ပြုခဲ့တာပါ။
နည်းပြ ရိုဘတ်တို မာတီနက်ဇ်က ဂျိုတာဟာ သူတို့ရဲ့ နေမင်းနဲ့ အလင်းရောင်ဖြစ်တယ်လို့ ပြောပါတယ်။ ဂျိုတာအတွက် ကမ္ဘာ့ဖလားကို အနိုင်ရချင်တယ်လို့လည်း ဆိုပါတယ်။
ရူဘင်နီဗက်စ် ကတော့ ဂျိုတာနဲ့ WhatsApp အဖွဲ့မှာ ဆက်လက်စကားပြောနေကြောင်း ဖွင့်ဟခဲ့ပါတယ်။











