Home
မြန်မာသတင်း
ပျူစောထီးအဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ၊ ၁ ဦး၏ နေအိမ် မီးလောင်
DVB
·
July 26, 2021
220244313_2886612501653654_4003359977716873743_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာက ယာတောထဲမှာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီလောက်က  ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ယောက်သွားအိုင်ရွာသား ဆန်းဝင်းကြည် အသက် (၃၅) ဝန်းကျင်ခန့်လို့သိရပြီး ယာတောထဲသွားစဉ် သေနတ်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက “မသေခင် သုံး၊ လေးရက်လောက်က ရွာထဲကို စိန်ခေါ်တယ်။ မင်းတို့ကောင်တွေ ဘာထင်တယ် ညာထင်တယ်။ ထည့်မတွက်ဖူးကွ။ အဲဒီလို တော်လှန်ရေးသမားတွေကို ရည်ရွယ်ပြီးတော့ စိန်ခေါ်တာပေါ့။ နောက်သူက ပတ်ဝန်းကျင်ကျေးရွာတွေက PDF နဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း စစ်တပ်ကိုပေးနေတာ” လို့  ဒေသခံကပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကို အခင်းဖြစ်တဲ့ ညနေ ၅ နာရီအချိန်လောက်မှာ ကာယကံရှင်မိသားစုက အိမ်သယ်လာပြီး၊ လူမှုကူညီရေးကားနဲ့ ခင်ဦးမြို့ကို ဆက်လက်သယ်သွားကြတယ်လို့သိရပါတယ်။

အလားတူ မြင်းခြံမြို့နယ်မှာလည်း  ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီလောက်က  ပျူစောထီး အဖွဲ့ခေါင်းဆောင်လို့ လူသိများတဲ့ ခေါင်းကွဲကျေးရွာက ဦးပေါ်ဦးကို အမည်မသိ သေနတ်သမားက   နေအိမ်ထဲအထိ ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခေါင်းကွဲရွာရှိ ဦးပေါ်ဦးရဲ့ နေအိမ်ထဲထိ သေနတ်သမားက ဝင်ရောက်ပြီး သေနတ်နဲ့ ၇ ချက်ပစ်ခတ်တာဖြစ်တယ်လို့သိရပါတယ်။

ရွှေဘိုမြို့မှာလည်း  အမှတ် ၄ ပြည်တော်သာလမ်း အောင်ဇေယျရပ်ကွက်က ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့ အမည်ထွက်နေသူနေအိမ် ဇူလိုင် ၂၅ ရက်နေ့ ညပိုင်းက မီးလောင်ခဲ့ပါတယ်။

“ကျနော်တို့ရွှေဘိုမြို့မှာ ပျူစောထီးလို့နာမည်ကြီး ကိုကျော်ကြီးနေအိမ်အခု ညပိုင်း ၈ နာရီမှာ မီးလောင်ခဲ့တယ်။ မီးသတ်ကားတွေက အချိန်မှီ မီးငြှိမ်းနိုင်ခဲ့တယ် အနည်းလောက်ပဲ မီးလောင်သွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ည ၉ နာရီလောက်မှာ  မီးငြိမ်းသွားပြီး လူတွေနဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

Photo ရွှေဘိုမီးသတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024