DVB Logo
Home
မြန်မာသတင်း
ပြည်မြို့အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများ ဖျားနာ၊ အနံ့ပျောက်နေ
DVB
·
July 25, 2021
ပြည်မြို့အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများ ဖျားနာ၊ အနံ့ပျောက်နေ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်မှာ  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အပါအဝင် အကျဉ်းသားတွေ ခုရက်ပိုင်းမှာ  အနံ့ပျောက်ပြီး ဖျားနာနေကြတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သိုင်းအဝိုင်းက  သိရပါတယ်။

ပြည်ထောင်နဲ့ နီးစပ်သူတဦးက “အထဲမှာ အဖျား အပူချိန်ဒီဂရီ ၁၀၀ ရှိတဲ့သူတွေဆိုရင် ဆေးရုံဆောင်ကို ရွှေ့တယ်၊ ဇူလိုင် ၁၉ ရက်နေ့က ပြောင်းသွားတာ အယောက် ၂၀ ကျော်တယ်။  ကျန်တဲ့သူ ၁၂၀ လောက်မှာလည်း အယောက် ၁၀၀ လောက်က အနံ့ပျောက်တာ အရသာ ပျောက်တဲ့သူတွေ၊  ဖျားတဲ့သူတွေက ဖျားတယ်လို့ မပြောရဲကြတော့ဘူး။ အသက်ကြီးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နှလုံးရောဂါ အခံရှိသူတွေလည်းပါတယ် ” လို့ပြောပါတယ်။

ဖျားနာနေတဲ့ နိုင်ငံရေး အကျဉ်းသားအများစုဟာ ထောင်ဆေးရုံနဲ့ ဖျားနာဆောင်ကို မသွားချင်ကြဘူးလို့ လည်း သိရပါတယ်။ 

“ဖျားတဲ့သူ အကုန်လုံးက ဆေးရုံကို မသွားချင်ကြဘူး။ ဖျားနာဆောင်ကို မသွားချင်ဘူး။ ကျဉ်းလည်းကျဉ်းတယ်။  ဆေးရုံမှာက စားရေးသောက်ရေးကလည်း ခက်ခဲတယ်၊ အခန်းထဲမှာက ရှိတဲ့ဆေးတွေဘာတွေသောက်ပြီး အချင်းချင်း ဝိုင်းပြုစုမယ့်သူတွေရှိတယ်၊ ဆေးရုံဆောင်မှာ ဘာမှမလုပ်ပေးနိုင်ဘူး။”

ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ကျော်လောက်ရှိပြီး အဆောင်ခန်းတခန်းမှာ  အယောက် ၂၀ လောက်ထားတဲ့အတွက် ကိုဗစ်စည်းကမ်းနဲ့ အညီခပ်ခွာခွာနေလို့မရသလို အကျဉ်းထောင်ဝန်ထမ်းတွေလည်း  Mask မတပ်ကြတဲ့ အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လွယ်ကူတဲ့ အခြေအနေရှိနေတယ်လို့လည်းသိရပါတယ်။ 

ထောင်ဝင်စာအဖြစ် အစားအစာတွေ ပေးပို့ခွင့်ရပေမဲ့ အကျဉ်းသားတွေ မိသားစုနဲ့ တွေ့ခွင့်မရသလို  လိုအပ်တဲ့ဆေးဝါးတွေအကုန်ပေးခွင့်မရဘဲ ကန့်သတ်ခံရတယ်လို့ အကျဉ်းသား မိသားစုတွေကလည်း ပြောပါတယ်။

“အစ်ကိုက ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး၊ ထောင်ထဲမှာ လူတွေကလည်းကျပ် အဲ့ဒါအပြင် ကျန်းမာရေးကိုလဲ သေသေချာချာ ဂရုစိုက်ပေးကြမှာမဟုတ်တော့ ပိုစိုးရိမ်ရတယ်။ အခုဆိုရင် ထောင်ကိုလော့ဒေါင်းချထားတော့ ထောင်ဝင်စာတောင် သွားလို့မရတော့ဘူး”လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ကျအကျဉ်းသားတွေအားလုံး အတွက် အဓိက ကျန်းမာရေးစောင့်ရှောက်မှုကို အသေချာပေးဖို့လည်း မိသားစုတွေက တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိရတယ်လို့ သိရပေမဲ့ အကျဉ်းထောင်ဘက်က ဒီသတင်းကို အတည်ပြု ထုတ်ပြန်ထားတာမရှိပါဘူး။

ဒါပြင် ခုရက်ပိုင်းမှာ ပြည်အကျဉ်းထောင်တွင်းကနေ လူသေ အလောင်း ၃ လောင်း သယ်ပေးရ ပေမဲ့ သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာရယ် ဘာကြောင့်သေဆုံးတယ်ဆိုတာ မသိရဘူးလို့ ပရဟိတသမားတဦးက ပြောပါတယ်။

ထောင်တွင်းက နိုင်ငံရေးသမားတွေအတွက် စိုးရိမ်တဲ့အကြောင်း ပြည်မြို့က တက်ကြွလှုပ်ရှားသူ လူငယ်တဦးက“သူတို့တွေက ဘာအပြစ်မှ လုပ်ထားတာမဟုတ်ဘဲ စစ်ကောင်စီက မတရားဖမ်းထားတာ ဖြစ်တယ်။ အခုဆိုရင် ထောင်ထဲမှာ ကျန်းမာရေးနဲ့ပက်သက်ပြီး ဘာမှပြင်ဆင်ပေးထားတာလည်း မရှိဘူးလို့ ကြားတယ်။ ဒီပုံအတိုင်းသာဆိုရင် အထဲမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေအတွက် တကယ်စိုးရိမ်ဖို့ ကောင်းတယ်”လို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်အကျဉ်းထောင်မှာ ပြည်မြို့နဲ့ အနီးတစ်ဝိုက်က  ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၅၂ ဦး ရှိပါတယ်။ ဒါအပြင် ပြည်မြို့ အခြေအစိုက် ဒီဗွီဘီသတင်းထောက် ကိုမင်းညိုဟာလည်း ပြည်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့  ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013