DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများကို တိုက်ပိတ်ခြင်းမရှိ၊ ဦးမြအေး ကိုဗစ်ကူးစက်ခံရမှုမရှိဟု ထောင်အာဏာပိုင်ပြော
DVB
·
July 24, 2021
အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများကို တိုက်ပိတ်ခြင်းမရှိ၊ ဦးမြအေး ကိုဗစ်ကူးစက်ခံရမှုမရှိဟု ထောင်အာဏာပိုင်ပြော
Donate to DVB

အင်းစိန်ထောင်မှာ စစ်တပ်ကဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက် တိုက်ပိတ်တဲ့သတင်းတွေမဟုတ်မှန်ကြောင်းနဲ့ ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ဦးမြအေးနဲ့ ဗကသခေါင်းဟောင်း ကိုမင်းသွေးသစ်တို့ လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ဦးမြအေးနဲ့ ကိုမင်းသွေးသစ်အပါအဝင် လူသိများတဲ့ နိုင်ငံရေးသမားတချို့ ကိုဗစ်ကူးစက်ခံနေရတယ်ဆိုတဲ့ ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး ကိုဗစ်နဲ့ပတ်သက်လို့ အင်းစိန်ထောင်ထဲမှာ လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ အကူအညီတွေ စီမံပေးထားတယ်လို့လည်း ဆိုပါတယ်။ 

ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူ ဦးဇော်ဇော်က "လက်ရှိကတော့မရှိပါဘူး။ ဖြစ်တယ်ဆိုရင်တော့ ချက်ချင်းပေါ့။ ကိုယ်တို့လည်းထောင်တွင်းဆေးရုံရှိတယ်လေ။ ဖြစ်ရင်လည်း ထောင်တွင်းဆေးရုံမှာ ချက်ချင်းကုပေးပါတယ်။ လိုအပ်လို့ရှိရင် အပြင်ဆေးရုံတွေ ရန်ကုန်ဆေးရုံကြီးပို့ပေးပါတယ်။ ဒီအတွက်လည်း စိတ်မပူပါနဲ့။ ကိုယ်တို့လည်း ထောင်ထဲမှာ အဖြစ်မခံပါဘူး။ ဖြစ်တာနဲ့ လိုအပ်သလို ကုပေးတယ်"လို့ ပြောပါတယ်။

အင်းစိန်ထောင်ထဲမှာ ဆန္ဒပြခဲ့သူတွေကို စစ်တပ်က ဝင်ရောက်ရိုက်နှက်လို့ ဆန္ဒပြသူတချို့သေဆုံးတဲ့အထိဖြစ်ခဲ့ပြီး တိုက်ပိတ်တာတွေလည်း ရှိတယ်လို့ ပြင်ပမှာ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာလည် အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ငြင်းဆိုလိုက်ပါတယ်။ 

ဦးဇော်ဇော်က "အေးအေးဆေးဆေးပါ။ ဖြိုခွဲတယ်လို့ ရိုက်နှက်တယ်လို့ဆိုတာ သတင်းအမှားတွေပါ။ သတင်းတွေက အကုန်လုံးအမှားတွေ။ စစ်တပ်က ဝင်ဖြိုခွင်းတယ်ဆိုတာလည်း အမှားတွေပဲ။ အကျဉ်းသားတွေကိုရိုက်နှက်တယ်၊ တိုက်ပိတ်တယ်ဆိုတာလည်းအမှားတွေပဲ။ အကျဉ်းဦးစီးကဝန်ထမ်းတွေမပါပါဘူး။ ဝန်ထမ်းကတော့ ဘယ်လိုလုပ်ပါမှာလဲ။ မပါပါဘူး" လို့ ပြောပါတယ်။ 

ဇူလိုင် ၂၃ရက်မနက်ပိုင်း အင်းစိန်ထောင်တွင်း ဆန္ဒထုတ်မှုအပြီးမှာ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေများနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှု တွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဆန္ဒပြခေါင်းဆောင်တွေနဲ့ အကျဉ်းဦးစီးတာဝန်ရှိသူတွေဟာ ဇူလိုင် ၂၃ရက် နေ့လည်ပိုင်းမှာ ဆွေးနွေးပြီး  ကျန်းမာရေးအတွက် တောင်းဆိုချက်ကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဦးဇော်ဇော်က “အေးအေးဆေးဆေးပါပဲ။ သူတို့လည်း ကျန်းမာရေးကိစ္စတွေ စိတ်ပူလို့ပါ။ အစ်ကိုတို့ဘက်ကလည်း လိုအပ်တာတွေ လုပ်ပေးပါတယ်။ ကိုယ်တို့က သူတို့ လိုချင်တဲ့ဟာလေးတွေ လုပ်ပေးပါတယ်။ ကျန်းမာရေးတွေ လိုက်လုပ်ပေးနေပါတယ်။ အဆင်ပြေပါတယ်။  သတင်းအမှားတွေပါ။ ဘာမှမရှိပါဘူး။ ထင်ယောင်ထင်မှားနဲ့ ပြောတာတွေပါ။”

သတင်းဌာနတချို့ကတော့ ဇူလိုင် ၂၃ရက်နေ့ ထောင်တွင်းရိုက်နှက်တာတွေကြောင့် သေဆုံးသူတွေ၊ တိုက်ပိတ်ခံရသူတွေရှိတယ်လို့ အခိုင်အမာသတင်း ဖော်ပြတာတွေရှိနေပါတယ်။

အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင် အမျိုးသမီးဆောင်ကနေ စတင်ပြီး နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ခဲ့ပါတယ်။ 

ဆန္ဒပြရာမှာပါဝင်တဲ့သူတွေကို စစ်ကောင်စီက အကြမ်းဖက်ရိုက်နှက်မှာကို လူ့အခွင့်အရေးသမားတွေနဲ့ နိုင်ငံတကာသံရုံးတွေက စိုးရိမ်နေကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း ထောင်တွင်းမှာ ကိုဗစ်အရေးအတွက် အကူအညီပေးခွင့်ရဖို့ ဇူလိုင် ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013