DVB Logo
Home
မြန်မာသတင်း
ရွှေလီမြို့၌ အထောက်အထားလက်မှတ်မရှိသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးမည်
DVB
·
July 22, 2021
ရွှေလီမြို့၌ အထောက်အထားလက်မှတ်မရှိသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးမည်
Donate to DVB

မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့မှာ ကိုဗစ် - ၁၉ ကူးစက်မှုမြင့်တက်လာတာကြောင့် အထောက်အထားလက်မှတ် မရှိသူတွေနဲ့ ပုံမှန် ဝင်ငွေမရှိတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ ရွှေလီမြို့ နိုင်ငံခြားသားအကူအညီပေးရေးနဲ့ စီမံခန့်ခွဲရေးစင်တာက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ပြုသူတွေ၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)၊ ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူတွေသာ တရားဝင် အလုပ်လုပ်ခွင့်ပြုမှာဖြစ်ပြီး အထောက်အထား လက်မှတ်မရှိပါက ပြည်နှင်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ နေရပ်ပြန်လိုပါက မိမိနေထိုင်ရာ ဒေသက ရဲစခန်း၊ အုပ်ချုပ်ရေးဌာန စတဲ့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

ရွှေလီမြို့မှာ လက်ရှိ တရားဝင်နဲ့ တရားမဝင် နိုင်ငံခြားသားတွေ စုစုပေါင်း ၁၃၀,၀၀၀ ဝန်းကျင်လောက်ရှိပြီး တခြားနိုင်ငံက နိုင်ငံခြားသားတွေမရှိသလောက် နည်းပါးကာ   မြန်မာနိုင်ငံသားတွေက အများစု ဖြစ်ပါတယ်။

ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) က ဥက္ကဋ္ဌ ကိုချမ်းမြေ့က “ကျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လောလောဆယ် တစ်သိန်း သုံးသောင်းလောက်တော့ ကျန်ဦးမယ်။ သူတို့ နိုင်ငံက ထုတ်ပေးတဲ့ ပေါက်ဖော်ကတ်နဲ့  စာအုပ်စိမ်းမရှိတဲ့သူ တရားမဝင်တဲ့ဟာတော့ တစ်ဝက် နီးနီးလောက်ရှိမယ်” လို့  ပြောပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ရွှေလီမြို့ရှိ စက်ရုံ၊ ကုမ္ပဏီနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှု ရပ်တန့်ထားရပြီး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲကြုံနေကြသလို နယ်စပ်ဂိတ်တွေကို ပိတ်ထားရတာကြောင့် ကုန်သွယ်မှုတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။

အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း နေရပ် ပြန်ချင်ကြပေမဲ့  လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ကိုဗစ်-၁၉ ရောဂါပိုး အခြေအနေကြောင့် အခက်အခဲ ကြုံနေရကြပါတယ်။

ရွှေလီဒေသခံ ကျန်းမာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က  “ကျနော်တို့ မြန်မာနိုင်ငံသားတွေက ပြန်တော့ ပြန်ချင်နေကြတယ်။ သူတို့တွေကိုလည်း ကိုယ်ချင်းတော့ စာပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်း အလဲ နဲ့ဆိုတော့ သူတို့ မြန်မာပြည် စရိတ်ကလည်း လုံလောက်စွာမရှိ။ နောက် ရောဂါပိုးတွေကလည်းကြောက်။ လမ်းခရီးကလည်း အဆင်မပြေ။ ဒီဘက်မှာ နေမယ် ဆိုပြန်တော့လည်း လုပ်ငန်းကမရှိ။ သူတို့က အကျပ်ရိုက်နေတာပေါ့။ တချို့က နေ့စားသမားလေးတွေဆိုတော့ သူတို့က တစ်နေ့ လုပ်မှ တစ်နေ့ ပိုက်ဆံရတဲ့လူဆိုတော့ နေ့တိုင်းပုံမှန် ဝင်ငွေမရှိဘူး။ မရှိတော့ ဒီ လော့ခ်ဒေါင်းကာလမှာ ကြာကြာတောင့်မခံနိုင်ဘူး။” လို့ပြောပါတယ်။ 

တယ်ဟုန်ခရိုင်မှာ တတိယလှိုင်း ကာလအစမှ ဇူလိုင် ၂၁ ရက်မနက်ထိ ပိုးတွေ့ မြန်မာ နိုင်ငံသား ၅၀ အပါအဝင် စုစုပေါင်း အတည်ပြုလူနာ ၁၈၂ ဦး၊ သက်သာပျောက်ကင်းသူ ၁၀၀ ဦးနဲ့ သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။

ယူနန် ပြည်နယ်တစ်ခုလုံးမှာတော့ ပိုးတွေ့လူနာ စုစုပေါင်း ၆၅၆ ဦး၊ ရောဂါသက်သာလို့ ဆေးရုံဆင်းသူ ၃၈၇ ဦးနဲ့ သေဆုံးသူ ၂ ဦး၊ ကုသနေဆဲ ၂၆၇ ဦးရှိတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013