
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးရာမှာ အထောက်အထားရှိသူတွေကို ပြန်လွှတ်ပေးလိုက်တာကြောင့် လက်ရှိမှာ မြန်မာ ၈၅ ယောက်လောက်ကိုပဲ ဆက်ဖမ်းထားတယ်လို့ တာ့ခ်ခရိုင်ရဲမှူးကြီးက ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်က မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင် တပ်ပေါင်းစုက (ကွာလမ်း) ခေါ် နယ်မြေရှင်းလင်းရေး အပြင်းအထန်ပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ တာ့ခ်ခရိုင် ရဲမှူးကြီးက မဲဆောက်ရဲစခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောဆိုခဲ့တာပါ။
“ပြည်သူလူထုများ လုံခြုံကောင်းမွန်ရေးအတွက် ရဲ၊ စစ်တပ်၊ အကောက်ခွန်၊ ပြည်သူ့စစ်၊ သစ်တော၊ လကဝ၊ ဥပဒေဆိုင်ရာအဖွဲ့တွေ၊ စည်ပင်သာယာနဲ့ ထောက်လှမ်းရေး စတဲ့ အဖွဲ့ပေါင်းစုံ အားလုံး ပါဝင်တဲ့တပ်ပေါင်းစု သဘောမျိုးနဲ့ စုံစမ်းစစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်တယ်။ ဖမ်းဆီးရာမှာလည်း နယ်စပ်ဂိတ်တွေ၊ မြို့တွင်းမြို့ပြင် ကားဆိပ်၊ လေဆိပ်၊ လှေဆိပ်တွေမကျန် ဒီကနေ့ ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးခဲ့တာပါ။ ဒီနေ့ကတော့ Police Day (ရဲဖမ်းနေ့) ပါပဲ။ နောက်ရက်တွေလည်း ဆက်ဖမ်းသွားမှာပါ” လို့ တာ့ခ်ခရိုင်ရဲမှူးကြီးက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးအထူးစစ်ဆင်ရေးအတွင်း မြန်မာ အယောက် ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တရားဝင်နေထိုင်နိုင်တဲ့ လက်မှတ်ရှိသူတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် လက်ရှိမှာ ၈၅ ယောက်ကိုပဲ ဆက်ဖမ်းထားတယ်လို့ ဆိုပါတယ်။
မနေ့က ဖမ်းဆီးမှုတွေအတွင်း အွန်လိုင်းလောင်းကစားမှုနဲ့ ၅ ယောက်၊ လက်နက် လက်ဝယ်တွေ့ရှိသူ ၂ ယောက်၊ စိတ်ကြွရူးသွပ်ဆေးတွေနဲ့ ၁ ယောက်ကို ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
ပြီးတော့ မဲဆောက်မြို့ကို ဝင်ရောက်လာတဲ့ သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသား ၈ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၅ ယောက်၊ အိန္ဒိယနိုင်ငံသား ၁ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ယောက်၊ ဟောင်ကောင်နိုင်ငံသား ၁ ယောက်၊ စုစုပေါင်းနိုင်ငံခြားသား ၁၆ ယောက်ကိုလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မော်တော်ယာဥ်စစ်ဆေးရေးဂိတ်တို့ကနေ ဖမ်းဆီးပြီးထိန်းသိမ်း စစ်ဆေးနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။











