DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ဖိလစ်ပိုင် ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး၊ ၈ ဦးကူးစက်ခံရ၊ နိုင်ငံသားများ နေရပ်ပြန်ရန် သံရုံးတိုက်တွန်း
DVB
·
July 21, 2021
မြန်မာတွင် ဖိလစ်ပိုင် ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး၊ ၈ ဦးကူးစက်ခံရ၊ နိုင်ငံသားများ နေရပ်ပြန်ရန် သံရုံးတိုက်တွန်း
Donate to DVB

လတ်တလော ပိုမိုဆိုးရွားလာတဲ့ ကူးစက်မြန် ဒယ်လ်တာမျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မြန်မာနိုင်ငံထဲမှာ ရောက်ရှိနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ နေရပ်ကို ပြန်ကြဖို့ သံရုံးက တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး အက်ဂျူဝါဒို ကက်ပူနန်က လာမယ့် ဩဂုတ်လ ၅ ရက်မှာ နေရပ် ပြန်လိုသူတွေအတွက် ဖိလစ်ပိုင်နိုင်ငံသား ၄၃ ယောက်က စေတနာ့ဝန်ထမ်းအနေနဲ့ ဆောင်ရွက်ပေးသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သံရုံးရဲ့ ဆန်းစစ်ချက်တွေနဲ့ ဆေးပညာရှင်တွေရဲ့ ဆန်းစစ်ချက် တွေအရ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေဟာ ကပ်ဘေးအခြေအနေထိ ရောက်ရှိဖို့ နီးစပ်လာနေပြီး ပိုမိုဆိုးဝါးလာနေခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံတွေမှာလည်း လူနာတွေပြည့်လုနီးပါးဖြစ်နေပြီး ပိုမိုဆိုးဝါးလာတဲ့ အခြေအ နေမှာ လူနာတွေကို နေအိမ်ပြန်ပို့ပြီး ကွာရန်တင်းဝင်စေတာတွေရှိနေတယ်လို့လည်း သံအမတ်ကြီး ကက်ပူနန်က ပြောပါတယ်။

“ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေကို အနီရောင်အဆင့် မဖြစ်လာ ခင်မှာ ဖိလစ်ပိုင်နိုင်ငံသားတွေကို ကျနော်တို့အနေနဲ့ နေရပ်ပြန်စေချင်ပါတယ်”

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံသားတယောက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး ၈ ယောက်ကတော့ ရောဂါကူးစက်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ဆေးရုံမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သူ့ရဲ့ အရိုးပြာကို နေရပ်ပြန်သယ်ဖို့ စောင့်ဆိုင်းနေတယ်လို့လည်း သံအမတ်ကြီး ကက်ပူ နန်က ပြောပါတယ်။

“ရောဂါကူးစက်ခံထားရသူ ၈ ယောက်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။ အဲဒီ ထဲက ၇ ယောက်ကတော့ ပြန်လည်သက်သာလာခဲ့ပြီး ၁ ယောက်ကတော့ အရေးပေါ်အ ခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်”

          ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း သံရုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အရေးပေါ် အဆင့် ၄ သတ်မှတ်ခဲ့ပြီး မြန်မာရောက် ဖိလစ်ပိုင်နိုင်ငံသားတွေကို လုပ်ငန်း တွေ ယာယီရပ်ဆိုင်းထားကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ အထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁,၂၇၃ ယောက်ရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေပါဝင်သလို ကုန်ထုတ်လုပ်မှုလုပ်ငန်း တွေမှာ ကြီးကြပ်သူတွေအနေနဲ့ အလုပ်လုပ်ကိုင်နေကြသူတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်းမှာ ကျန်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား အယောက်  ၆၀၀ ထက်မနည်း ရှိနေသေးတယ်လို့ သံအမတ်ကြီး ကက်ပူနန်က ပြောပါတယ်။

“နေရပ်ပြန်လိုတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ကျနော်တို့ လက်ခံပြီး ပြန်နိုင်ဖို့ စီစဉ် ပေးပါမယ်။ နေရပ်ပြန်ဖို့ လေယာဉ်ကို ရနိုင်သမျှ ကြိုးစားစီစဉ်ပေးပါမယ်”

မြန်မာနိုင်ငံမှာတော့ ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ် စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ ၉ ရက်ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Ref- Globalnation

Photo Credit- Philippine Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013