DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ခံလူထု၏ ကိုဗစ်အလှူငွေ ကျပ်သိန်း ၉၀၀ ကျော်သိမ်းဆည်းခံရ
DVB
·
July 20, 2021
မိုးကုတ်မြို့ခံလူထု၏ ကိုဗစ်အလှူငွေ ကျပ်သိန်း ၉၀၀ ကျော်သိမ်းဆည်းခံရ
Donate to DVB

မိုးကုတ်မြို့မှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလက ပြည်သူတွေလှူထားတဲ့ ကိုဗစ်အလှူငွေ၊ ဆေးဝါးနဲ့ PPE ဝတ်စုံတွေကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားပြီးနောက် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာချိန်မှာ သေချာမသုံးစွဲတာကြောင့် ပြည်သူတွေ အခက်အခဲ ကြုံနေကြရပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ကိုဗစ် ဒုတိယလှိုင်းတုန်းက ကောက်ခံရရှိထားတဲ့ ကိုဗစ်အလှူငွေ သိန်း ၉၅၀ အား ဇွန် ၂၀ ရက်နေ့မှာ မြို့နေလူထုကို အသိမပေးဘဲ ကိုဗစ်ကော်မတီအသစ်ကို လွှဲပြောင်းပေးပြီး ဆေးဝါးနဲ့ PPE ဝတ်စုံတွေကို စစ်ကောင်စီက သိမ်းဆည်းသွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ 

ကိုဗစ်ဒုတိယလှိုင်းတုန်းက ရရှိထားတဲ့ အလှူငွေ သိန်း ၉၅၀ ကို မိုးကုတ်မြို့ မင်္ဂလာကျောင်းတိုက်ဆရာတော်က သိမ်းဆည်းပေးထားတာဖြစ်ပြီး ဆရာတော်ဆီကနေ စာရင်းအတိကျပြပြီး လာရောက်တောင်းသွားတယ်လို့ ဆိုပါတယ်။ 

မိုးကုတ်မြို့က ကိုဗစ် အလှူငွေလွှဲပြောင်းတဲ့ကိစ္စကို မြို့နေ ပြည်သူလူထုက သိရခြင်းမရှိဘဲ ငွေစာရင်းကိုင်သူနဲ့ လူကြီးပိုင်းတွေလောက်သာ အစည်းအဝေးလုပ်ပြီး လွှဲပြောင်းလိုက်တယ်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရတာလို့ ဆိုပါတယ်။ 

ဒေသခံတစ်ဦးက “အစ်မတို့တော့ လွှဲလိုက်တယ် ကြားကြားချင်းတော့ စိတ်တိုတာပေါ့။ ဒီကိစ္စကိုသိတဲ့သူကလည်း သိကြတယ်။ သိကြတဲ့သူတွေကျတော့လည်း ခြိမ်းခြောက်ခံထားရတော့ မပြောရဲကြဘူး” လို့ ပြောပါတယ်။ 

အရင်ကိုဗစ်ကော်မတီအနေနဲ့ အလှူငွေ လွှဲပြောင်းပေးခြင်းမရှိပါက လက်ဝယ်ကိုင်ဆောင်ထားသူကို အပြစ်ပေး အကျဉ်းချ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ကော်မတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အလှူငွေကိစ္စနဲ့ လေးငါးခါလောက် အမျိုးမျိုးလာညှိသေးတယ်၊ သူတို့မှာက လက်နက်တွေ ပါနေတော့ နောက်ဆုံးမတတ်နိုင်တော့ လွှဲပေးလိုက်ရတယ်၊ အလှူငွေတင်မကဘူး နောက်ထပ် အလှူထပ်မခံဖို့နဲ့ ထပ်ပြီး မထောက်ပံ့ဖို့ပါ ခြိမ်းခြောက်သွားတယ်။ ဆေးဝါးတွေကစ PPE ဝတ်စုံတွေကောယူ သွားကြတယ်” လို့ ပြောပါတယ်။ 

လက်ရှိ ကိုဗစ်တတိယလှိုင်းကာလမှာ မြို့ခံတွေရဲ့ ကိုဗစ်အလှူငွေတွေနဲ့ ဆေးဝါးတွေကို ပြည်သူတွေအတွက် အထောက်အကူပြု မသုံးစွဲတဲ့အတွက် မြို့နေလူထုက မကျေနပ်ဖြစ်နေကြပြီး ဆေးဝါးကစ အောက်ဆီဂျင်ထိ အပြင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ထောက်ပံ့ရှာဖွေနေရတယ်လို့ သိရပါတယ်။ 

အခုအသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ကိုဗစ်ကော်မတီအသစ်မှာ အရင်ကိုဗစ်ကော်မတီက လူအနည်းငယ်သာပြန်ပါဝင်နေပြီး အချို့လည်း စစ်ကောင်စီက ရှာဖွေနေတာကြောင့် တိမ်းရှောင်နေရသူတွေ ရှိတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ ကိုဗစ်တတိယလှိုင်း ရောဂါကူးစက်သူများလာတာကြောင့် ကွာရန်တင်းစင်တာ ဖွင့်ဖို့၊ အလှူခံပေမယ့် ရတဲ့အလှူငွေနည်းတာကြောင့် အရင် ကိုဗစ်ကော်မတီဆီက ကျန်တဲ့အလှူငွေတွေနဲ့ ဆေးဝါးတွေလွှဲပြောင်းပေးဖို့ တိုင်းကနေ မြို့နယ်ကို ညွှန်ကြားလာတာကြောင့် ဇူလိုင်ဒုတိယပတ်မှာစတင်ပြီး ကျပ်သိန်း ၃၀၀ ကို ထုတ်ယူကာ ကိုဗစ် ကော်မတီကနေ စာရင်းနဲ့ သုံးစွဲနေပြီလို့ ကိုဗစ်ကော်မတီအသစ် တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

မိုးကုတ်မြို့မှာ ပိုးတွေ့လူနာများပြားလာပြီး ဇူလိုင် ၂၀ ရက်အထိ  ပိုးတွေ့လူနာ ၂၀၀ ဝန်းကျင်ရှိလာကာ  သေဆုံးသူ အယောက်  ၃​၀ နီးပါးရှိလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013