DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်အိုးများ လိုအပ်နေ
DVB
·
July 20, 2021
လားရှိုးတွင် ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်အိုးများ လိုအပ်နေ
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရတဲ့ လူနာတွေ  တစ်ရက်ထက် တစ်ရက်ပိုများလာတာကြောင့် အောက်ဆီဂျင်ရှူဖို့ လိုအပ်တဲ့ပြည်သူတွေ အောက်ဆီဂျင်အိုး မလုံလောက်ပဲ အခက်အခဲကြုံ တွေ့နေပါတယ်။

ကိုဗစ် ကူးစက်ခံလူနာတွေ အောက်စီဂျင်ကျ အသက်ရှူကျပ်လို့ရှိရင် အိုးမလုံလောက်ဘူးလို့ လားရှိုး COVID – 19 Operation Team  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ရွာပိုင်း၊ မြို့တွင်း၊ ဆေးရုံတွေနဲ့ ကြပ်မတ်ကုသဆောင်တွေကိုပါ ၁၀ လီတာအိုး၊ ၁၅ လီတာအိုးတွေထဲ အောက်ဆီဂျင် အဆင်ပြေအောင် အခမဲ့ ပြန်ခွဲပေးလို့ရှိရင် အိမ်ထောင်စု ၁၀၀ ကျော်လောက်ရတာ၊ တစ်ရက်တည်း ကုန်တာ။ မလောက်ပဲ တချို့က အောက်စီဂျင်အိုး မရှိတာကြောင့် အိုး မလုံလောက်တဲ့အပြင် အိုးက ဝယ်မရဘူး”လို့ ပြောပါတယ်။

လားရှိုးမှာ အောက်ဆီဂျင်အိုး တစ်ရက်ကို ဘယ်လောက် လိုအပ်လဲဆိုတာအတိအကျ မသိပေမဲ့ Covid Operation Team အနေနဲ့ အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့အိုး အလုံး ၃၀ ဝန်းကျင်လောက်ကို နေ့စဉ် မြန်မာ - တရုတ် နယ်စပ်၊ မူဆယ်မြို့နယ်၊ ဇယ်လန့်ရွာမှာရှိတဲ့ ရင်ဟော့ ကုမ္ပဏီမှာ သွားဖြည့်သယ်ယူရပါတယ်။  

ပရဟိတအသင်းတွေအနေနဲ့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေထံကို  ၁၀ လီတာဆံ့ အိုး အလုံး ၄၀ လောက် ငှားပေးထားပေမယ့် ငှားပေးတဲ့ အိမ်တွေကလည်း အခက်အခဲဖြစ်တဲ့ အိမ်နီးနားချင်းတွေ တဆင့် တဆင့် ငှားရင်း ငှားရင်းနဲ့ ပြန်မအပ်နိုင်တာကြောင့် အိုးတွေက ပြန်ရောက်မလာတာလည်း ရှိပါတယ်။

ပိုးတွေ့လူနာ တစ်ရက်ထက် တစ်ရက် များလာတာကြောင့် အောက်စီဂျင်အိုးတွေ မလုံလောက်လို့ တရုတ်ဘက်ကနေမှာထားပေမယ့် အနည်းဆုံး နှစ်ပတ်လောက်စောင့်ရမှာဖြစ်ပြီး ပစ္စည်းတွေက မရောက်လို့ အခက်ကြုံနေရတယ်လို့လည်း COVID–19 Operation Team  တာဝန်ရှိသူက ရှင်းပြပါတယ်။ 

ခုရက်ပိုင်း လားရှိုးမြို့ပေါ်မှာ ကိုဗစ်လက္ခဏာပြနေပေမယ့် ရောဂါပိုး ကူးလို့ ကူးမှန်းမသိ နေအိမ်မှာပဲ ဆေးမြီးတိုနဲ့ ကုနေရင်း ရုတ်တရက် အောက်ဆီဂျင်ကျကာ သေဆုံးသွားသူတွေ၊ နေအိမ်တွေမှာ Positive ကြောင့် အသက်ဆုံးရှုံးသွားသူတွေလည်း အများကြီးရှိနေပြီး တချို့ကျတော့ သေပြီးမှပဲ Positive မှန်းသိကာ သေဆုံးတာ အများကြီးရှိသလို  တချို့ကလည်း Swab မယူနိုင်ပဲနဲ့ သင်္ဂြိုဟ်လိုက်ရတာတွေ ရှိနေပါတယ်။

အောက်ဆီဂျင်ပြဿနာကို ပရဟိတအသင်းတွေအနေနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းပေးနေပေမယ့် မြို့ထဲမှာ ရှိတဲ့ စက်တွေကလည်း မလုံလောက်ပဲ အသစ်ရောက်လာတဲ့ စက်လည်း တပ်ဆင်နေဆဲကာလ ဖြစ်တာကြောင့် အသုံးမပြုနိုင်သေးဘူး လို့ဆိုပါတယ်။ 

လားရှိုးမှာ အောက်ဆီဂျင်ထုတ်လုပ်၊ ဖြည့်သွင်းတဲ့စက်ကြီး ၂ လုံးနဲ့  ဆေးရုံသုံး ပစ္စည်းတွေ ဇူလိုင် ၁၉ ရက်က  ရောက်ရှိလာပြီလို့  လားရှိုး ကိုဗစ်-၁၉  Operation Team က သိရပါတယ်။ 

စက်ကြီးတစ်လုံးက တစ်ရက်ကို အောက်ဆီဂျင် ၄၀ လီတာဆံ့အိုး အလုံးရေ ၂၀၀ ဝန်းကျင်ထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ၃ ရက်အတွင်း အပြီး တပ်ဆင်ကာ ရက်ပိုင်းအတွင်းမှာ လားရှိုးနဲ့ ရှမ်းမြောက်ဒေသက အရေးပေါ် ‌အောက်ဆီဂျင် လိုအပ်တဲ့ လူနာတွေအတွက် ဖြန့် ဖြူးသွားမယ်လို့ ဆိုပါတယ်။

ရောက်ရှိလာတဲ့ အောက်ဆီဂျင်စက်ကြီး ၂ လုံးထဲက တစ်လုံးကို လားရှိုးလေဆိပ်နားက ရမခ Oxygen Plant ဝင်းအတွင်းမှာ  ဇူလိုင်လ ၁၉ ရက်နေ့ကစ တပ်ဆင်နေပါတယ်။ 

ဒီအောက်ဆီဂျင်စက်တွေကို ငွေရည်ပုလဲ ကုမ္ပဏီအုပ်စုက  လားရှိုး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံမှ ဝယ်ယူ တင်သွင်းလှူဒါန်းတာလို့ နီးစပ်သူ‌တွေထံက သိရပါတယ်။

လားရှိုးမှာ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ၄၀ လီတာဆံ့အိုး တစ်နေ့ အလုံး ၃၀ ဖြည့်နိုင်တဲ့ အောက်ဆီဂျင်ထုတ်စက်ကို  ဇူလိုင် ၁၄ ရက်နေ့က စတင် ဖြန့်ဖြူးပေးနေပေမယ့် ဆေးရုံအုပ်ကြီးရဲ့ လက်မှတ်ပါမှသာ ဖြည့်သွင်းပေးတဲ့အတွက် အသုံးလိုတဲ့ ပြည်သူတွေ  အောက်ဆီဂျင် ပြတ်လပ်နေပါတယ်။

လားရှိုးလေဆိပ်နားက ရမခ Oxygen Plant မှာလည်း  အရေးပေါ် အောက်စီဂျင်လိုအပ်သူတွေကို အခမဲ့ လှူဒါန်း‌ပေးပြီး  လာရောက်ဖြည့်သွင်းသူတွေအနေနဲ့  အိုးမှာ  အမည်၊ ဖုန်းနံပါတ် ရေးပြီး စနစ်တကျ တန်းစီရကာ အလှည့်ကျ ဖြည့်သွင်းပေးတယ်လို့ ဆိုပါတယ်။ 

လားရှိုးမြို့မှာ အောင်ချမ်းသာနဲ့ လူစွမ်းကောင်း အောက်ဆီဂျင်ဆိုင်တို့မှာလည်း ဖြည့်သွင်းနိုင်ပြီး ချယ်ရီနှလုံးသား သွေးလှူရှင်အသင်း အနေနဲ့တော့  အခမဲ့လှူဒါန်းပေးထားပါတယ်။ 

လားရှိုး ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီကလည်း  မူဆယ် ဇယ်လန့်ရွာက စက်ရုံမှာ သွားရောက် ဖြည့်ယူလာပြီး လားရှိုးမြို့အပြင် အောက်ဆီဂျင်  အရေးပေါ်လိုအပ်တဲ့ တခြားမြို့တွေကိုလည်း ပြန်လည် ဖြည့်သွင်း ဖြန့်ဖြူးပေးတယ် လို့ ဆိုပါတယ်။ 

ဇယ်လန့်မှာ အောက်စီဂျင် ၄၀ လီတာ အိုး ၁ အိုးကို ဖြည့်ခ ၁၆၀၀၀ ပေးရပြီး တစ်ခေါက် တက်လို့ရှိရင် အောက်စီဂျင်ဖြည့်ခ အပါအဝင် ဆီဖိုးနဲ့ စားစရိတ်ကို ကားခ ၆ သိန်း ၇ သိန်းလောက် ကုန်ကျတာဖြစ်ပါတယ်။

သီပေါနဲ့ ရှမ်းမြောက်က တချို့မြို့တွေက အိမ်သုံးအတွက် အောက်ဆီဂျင်မလောက်ရင်  လားရှိုးမှာ လာမျှယူကြတာဖြစ်လို့  မြို့တိုင်းနီးပါး အောက်ဆီဂျင်  မလုံလောက်တဲ့ ပြဿနာရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမှာ ဇူလိုင် ၁၉ ရက်ည ၁၀ နာရီခွဲအထိ စစ်ဆေးတွေ့ရှိထားတဲ့ ပိုးတွေ့လူနာသစ် ၈၉ ဦး ရှိပြီး ဇွန်လ ၈ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ အထိ စုစုပေါင်း ပိုးတွေ့လူနာ ၁၁၂၈ ဦး ၊ ဆေးရုံဆင်းသူ ၆၀၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။

Photo - ZZ, MSK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013