DVB Logo
Home
မြန်မာသတင်း
ပရဟိတသမားများ ကိုဗစ်-၁၉ ကူးစက်ခံနေရ၊ PPE ဝတ်စုံအပါအဝင် ရောဂါကာကွယ်ပစ္စည်းများ လိုအပ်နေ
DVB
·
July 20, 2021
ပရဟိတသမားများ ကိုဗစ်-၁၉ ကူးစက်ခံနေရ၊ PPE ဝတ်စုံအပါအဝင် ရောဂါကာကွယ်ပစ္စည်းများ လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးနှုန်း မြင့်တက်လာနေသလို  ကိုဗစ်လူနာတွေနဲ့ သေဆုံးလူနာတွေအရေး ကူညီဆောင်ရွက်ပေနေကြတဲ့ စေတနာ့ဝန်ထမ်းတွေ  ပရဟိတအသင်းအဖွဲ့တွေမှာလည်း ကိုဗစ်-၁၉ ကြောင့် ဖျားနာ သေဆုံးသူတွေ  ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့  ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တောင်ပိုင်းခရိုင် ဒု-ခရိုင်မှူးဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက "ရောဂါအခံရှိတဲ့သူ တချို့တော့ ဖြစ်တာ ကြားတယ်။ အဓိက PPE စနစ်တကျ မဝတ်နိုင်တာပဲ။ ကူညီတဲ့သူတွေက လူနာတွေနဲ့ထိတွေ့ရတာများရင် ကူးနိုင်တယ်" လို့ ပြောပါတယ်။

နောက်ပိုင်းကာလ ပရဟိတအသင်းတွေအနေနဲ့ လူအင်အား၊ ကားအင်အား မလောက်ငတာတွေဖြစ်လာနိုင်သလို အသင်းငယ်တချို့မှာလည်း ကာကွယ်ရေးဝတ်စုံနဲ့ ရန်ပုံငွေ ပြတ်လပ်တာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

"သုသာန်တွေမှာ တန်းစီနေရတာကြောင့် ပိတ်ဆို့မှုဖြစ်ကုန်တယ်။ ရောက်ချ လုပ်ပေးနိုင်ရင် ကောင်းတယ်။ လက်ခံစရာရှိ မြန်မြန်လက်ခံပြီး နောက်မှ သင်္ဂြိုဟ်ပေါ့ ဗျာ။ စီမံတာညံ့တာ။ သင်္ဂြိုဟ်ဖို့ ပို့ပေးရတာတော့ ကျနော်တို့အသင်းက ၅၀ ပေါ့ တစ်ရက်ကို။ တခြားအသင်းတွေနဲ့ဆိုရင် ထောင်တော့ ကျော်မယ်ထင်တယ်။ သူတို့ကတော့ စာရင်း သေချာပြောမှာမဟုတ်ဘူး။ ကျနော်တို့လည်း ခန့်မှန်းပြီးပြောရတာ။" 

ဒါ့အပြင် ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူဟာ တနေ့ထက်တနေ့ ပိုများလာတဲ့အတွက် နာရေးကူညီမှုအသင်းတွေဟာ ညဘက်တွေအထိ အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေရပြီး မနိုင်မနင်း ဖြစ်နေကြရတယ်လို့ သိရပါတယ်။

ရွှေသံလျင် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကလည်း နာရေးကူညီတဲ့ အသင်းဝင်တချို့  ရာသီဉတုနဲ့ အလုပ်ခွင် ပင်ပန်းတာတွေကြောင့် ဖျားနာတာတွေရှိပြီး  ရုံးထိုင်တဲ့ အသင်းဝင်တွေတောင် ဝင်ရောက် ကူညီလုပ်ကိုင်ပေးနေရတယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားတဲ့သူတွေများလာပြီး မီးသင်္ဂြိုဟ်ဖို့ မနိုင်မနင်းဖြစ်နေတာ ဖြေရှင်းနိုင်ဖို့ အလောင်းတွေကို နေရာတခုသတ်မှတ်ကာ ကျင်းတူး မြေမြှုပ်ဖို့ နာရေးကူညီမှုအသင်းတွေက စစ်ကောင်စီရဲ့ သက်ဆိုင်ရာ တာဝန်ရှိတွေဆီ တင်ပြထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း သုသာန်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တရက်ကို ပျမ်းမျှ ၆၀၀ ကနေ ၇၀၀ အထိ မီးသင်္ဂြိုဟ်ပေးနေရပြီး အခေါင်းနဲ့ အလောင်းတင်တဲ့ကတ်တွေ ဝယ်လို့မရတဲ့အထိပြတ်လပ် ဈေးတက်နေတယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ကိုဗစ်ကြောင့် သေဆုံးနှုန်းတွေ မြင့်တက်လာတာကြောင့် ရန်ကုန်က တချို့သုသာန်တွေမှာ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ဖို့ မနိုင်တော့တဲ့အတွက် မြို့နယ်အလိုက် သတ်မှတ်သုသာန်တွေမှာ သင်္ဂြိုဟ်ကြဖို့ စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။

ရေဝေးသုသာန် အနောက်ဘက်မှာ အလောင်းတွေစုပုံနေပေမဲ့ သုသာန်ရှေ့မျက်နှာစာဘက်မှာ အသုဘတွေမရှိ လူသူကင်းရှင်းနေပုံတွေကိုလည်း စစ်ကောင်စီမီဒီယာတွေကနေ ထုတ်လွှင့်ပြသနေပါတယ်။ 

မန္တလေးမှာလည်း ကိုဗစ်ရောဂါကြောင့် လူမှုကူညီရေး ပရဟိတသမား သေဆုံးတာရှိတဲ့အပြင် ကိုဗစ် ရောဂါပိုးတွေ့ရှိမှုကြောင့် ကူညီမှု ယာယီရပ်နားထားတဲ့ အသင်းလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) က အသက် ၃၀ အရွယ် ကိုစွမ်းပြည့်အောင်ဟာလည်း နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် ဇူလိုင် ၁၆ ရက်က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ကိုဗစ် -၁၉အတည်ပြုလူနာတွေကိုကူညီရင်း လူမှုကူညီရေးအသင်းမှ ပရဟိတအသင်းသား ၁၁ဦး ပိုးကူးစက်ခံရတာကြောင့် လူအင်အားနဲ့ အောက်ဆီဂျင်လိုအပ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေမှာရှိတဲ့ ရွှေကြေးစည် လူမှုကူညီရေးအသင်းက ယာဉ်မောင်းအားလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတဲ့အတွက် လူမှုကျန်းမာရေးစောင့်ရှောက်မှုတွေကို ဇူလိုင် ၉ ရက်နေ့ကနေစပြီး ၂ ပတ် ရပ်နားခဲ့ရပါတယ်။

တခြား လူမှုကူညီရေးအသင်းတွေမှာလည်း ကိုဗစ်-၁၉ Positive ဖြစ်တဲ့ အသင်းသား ပရဟိတသမားတွေရှိပေမယ့် ကူညီမှုတွေ ဆက်လုပ်ပေးနေကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့မှာလည်း ကိုဗစ်-၁၉ လူနာတွေကို ကူညီပေးနေတဲ့  လူမူကူညီရေးအသင်းအဖွဲ့ဝင် ပရဟိတသမား ၃ ယောက်လောက်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ပရဟိတသမားတွေ မရှိသေးပေမယ့် စိန်ခေါ်မှု အခက်အခဲတွေရှိနေတယ်လို့ ပေးသောလက်စေတနာ ရှင်သွေးနှင့် လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။ 

“ကျနော်တို့က ပိုးကူးစက်ခံရပြီး သေဆုံးတဲ့လူနာတွေကို အဓိကကိုင်တွယ်နေရတာဆိုတော့ ကျနော်တို့အတွက် PPE ဝတ်စုံတွေ၊ လက်အိပ်တွေ မလုံလောက်တဲ့အခက်အခဲရှိတာပေါ့၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ထုတ်မပေးတော့အလှူရှင်ကိုဘဲ အားကိုးနေရတာ၊ ဥပမာ ပြောရရင် အခုကျနော်တို့ နာရေးတစ်ကြောင်းပို့တယ်၊ ပို့နေတုန်း နောက်ထပ်သေတဲ့လူရှိတယ်လို့ ဖုန်းဝင်လာရင် အဲဒီဝတ်စုံနဲ့ဆက်လုပ်တယ်၊ ဒီနေ့ဆိုရင် နာရေး ၈ ခုပို့ရတယ်၊ ၃ ကြောင်းပို့ပြီးချိန် ဖုန်းမဝင်လို့  PPE ကိုချွတ်ပြီး ဆေးတွေဘာတွေဖျန်းပြီး မီးရှို့ပစ်လိုက်ပြီ၊ မီးရှို့ပြီးမှ လမ်းခုလတ်မှာ ဖုန်းဝင်လာရော၊ ဒီနေ့သင်္ဂြိုဟ်မှဖြစ်မယ်လို့ပြောတော့ အိမ်ကိုပြန်လာ PPE  ထပ်ဝတ်ပြီး ထပ်ထွက်ရ ပြန်တယ်။ အဲလိုဖြစ်နေတာ”။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်  ဦးကျော်သူ ဦးစီးလုပ်ကိုင်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အပါအဝင် ပရဟိတ အသင်းအဖွဲ့တွေကို စစ်တပ်က ဝင်ရောက် စီးနင်း ဖျက်ဆီးတာ အသင်းဝင်တွေကို ရိုက်နှက် ဖမ်းဆီးနှိပ်စက် ထောင်ချတာတွေလည်း ပြုလုပ် ခဲ့ပါတယ်။ 

နိုင်ငံတဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၂၃၄,၇၁၀ ယောက်နဲ့ စုစုပေါင်းသေဆုံးသူ  ၅,၂၈၁ ယောက် အထိရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်ညက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013