DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့တွင် ဖခင်အတွက် လွမ်းသူပန်းခွေချ ကန်တော့ခွင့်မရ
DVB
·
July 19, 2021
ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်           ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့တွင် ဖခင်အတွက် လွမ်းသူပန်းခွေချ ကန်တော့ခွင့်မရ
Donate to DVB

၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့်အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက် ဒီနေ့မနက်က ကျင်းပရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံထားရ တာကြောင့် တက်ရောက်ခွင့်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှာတော့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်မှာ အဆင့်အမြင့်ဆုံးတာဝန်ယူထားကြတဲ့  သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တရားသူကြီးချုပ်တို့ အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ ပြီးခဲ့တဲ့နှစ်က အာဇာနည်ဗိမာန်ကို လာရောက် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်မှာတော့ နိုင်ငံတော် အာဏာကိုစစ်တပ်ကသိမ်းထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးနှင့်ဇနီးမိသားစု ကိုယ်စား ရန်ကုန်စည်ပင်ဌာနမှူး ဒေါက်တာ တိုးအောင်ဆိုသူက လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုခဲ့တာကို စစ်ကောင်စီ  မီဒီယာတွေမှာ ပြသခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၊ ဦးဘဝင်းနဲ့ သက်တော်စောင့် ရဲဘော်ကိုထွေတို့ရဲ့ မိသားစုတွေလည်း ကိုယ်တိုင် အခမ်းအနားလာတက်တာမတွေ့ရဘဲ   လွမ်းသူ့ပန်းခွေတွေ ကိုယ်စားလာချတာသာ မြင်တွေ့ရပါတယ်။ 

ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်သပိတ်တွေကို မြို့တချို့မှာ ပြုလုပ်ခဲ့ပြီး ရန်ကုန် ပြည်သူတွေကလည်း ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ  ကားဟွန်းတီးသပိတ်၊ အလေးပြုသပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။ 

လွန်ခဲ့သော ၇၄ နှစ်က အခုလိုနေ့မျိုးမှာ  နိုင်ငံအတွက် အသက်ပေးခဲ့ကြရတဲ့ အာဇာနည်ပုဂ္ဂိုလ် ကိုးဦးကို ဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ထားသလို   ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း ဒီအမွေအနှစ်တွေကနေ ခွန်အားတွေ ရရှိနိုင်ကြစေဖို့ ဆုတောင်းပေးထားခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးနဲ့ ဆွစ်ဇာလန်သံရုံးတွေကလည်း အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုကြောင်းနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ လွတ် လပ်မှုနဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခုခံရင်း မြန်မာ့နွေဦး တော် လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအားလုံးကိုလည်း အမှတ်ရ ဂုဏ်ပြုကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး ပြည်သူလူထုတွေကလည်း သက်ဆိုင်ရာ မြို့တွေနယ်တွေ အသီးသီးမှာရှိတဲ့ အာဇာနည်အထိမ်းအမှတ်နေရာတွေမှာ  လွမ်းသူ့ပန်းခွေချ အလေးပြုတာတွေ ပြုလုပ်လေ့ရှိတာပါ။

အခုနှစ်မှာတော့  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအခြေအနေကြောင့်လည်း ပြည်သူတွေ လူစုလူဝေးနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ဂါဝရမပြုနိုင်သလို ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်နဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့  အတွင်းဝန်ရုံးဟောင်းနေရာတွေကိုလည်း ပြည်သူတွေ သွားရောက်လေ့လာခွင့် မရတော့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013