DVB Logo
Home
မြန်မာသတင်း
ကြက်ဥ စိုးရိမ်စရာမရှိ၊ လွန်ခဲ့သည့် ၆ နှစ် ၇ နှစ်ကတည်းက ကြက်မွေးထားဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
DVB
·
July 19, 2021
ကြက်ဥ စိုးရိမ်စရာမရှိ၊  လွန်ခဲ့သည့် ၆ နှစ် ၇ နှစ်ကတည်းက ကြက်မွေးထားဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
Donate to DVB

ကြက်ဥဈေးနှုန်းနဲ့  ပတ်သက်ပြီး ကောလာဟလဖြစ်အောင်၊ ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေတာတွေ့ရပြီး ဥစားကြက် မွေးမြူရေးကို မိမိတို့အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက အားသွန်ခွန်စိုက် လုပ်ခဲ့လို့ စိုးရိမ်စရာမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမမှာ ကျင်းပတဲ့  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသွားတာပါ။

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရော သေဆုံးသူတွေပါ အဆမတန်မြင့်တက်လာ ပြီးနောက် ကိုဗစ်လူနာတွေနဲ့ ပြည်သူတွေက ကိုယ်ခံအားကောင်းအောင် ကြက်ဥဝယ်ယူစားသုံးကြရာက  ဈေးကွက်ထဲမှာ ဝယ်လိုအား တက်လာကာ ကြက်ဥဈေးနှုန်းတွေမြင့်တက် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ကြက်ဥကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပါ။ 

လက်ရှိမြန်မာနိုင်ငံမှာ လူဦး‌ရေ  ၁ ဒသမ ၆ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးဖို့ ဆောင်ရွက်နေကြောင်း ၊ ဇူလိုင် ၂၂ ရက်မှာ  တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံ ရောက်ရှိမှာဖြစ်သလို  ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်နဲ့ ဩဂုတ်လ ပထမအပတ်မှာ ကာကွယ်ဆေးတွေ ဆက်လက် ရောက်ရှိလာမှာဖြစ်လို အခုနှစ်အတွင်း  လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။

အောက်ဆီဂျင်ကိစ္စနဲ့ ပတ်သက်ပြီးလည်း  ပြည်သူ့ဆေးရုံတွေ၊ တပ်မတော် ဆေးရုံတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ Oxygen Plant တွေကနေ အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးနေပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တဆင့် တင်သွင်းပေးနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တကယ့်လက်တွေ့ မြေပြင်မှာတော့ အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာ မိသားစုတွေဟာ အောက်ဆီဂျင်အိုးတွေကို ဈေးကြီးပေးဝယ်ယူနေကြရတာ အလိမ်ခံရတာတွေရှိနေပြီး တချို့နေရာတွေမှာ ဝယ်မရအောင် ပြတ်လပ်နေတာပါ။  ဒါ့အပြင် အောက်ဆီဂျင်ဖြည့်ဖို့အတွက်လည်း  ပြည်သူတွေဟာ နေ့ရောညပါ တန်းစီစောင့်ယူနေကြရပြီး အောက်ဆီဂျင် အချိန်မီမရလို့ သေဆုံးသူတွေလည်း အများအပြား ရှိနေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းမှာ လူဦးရေ ၆၉,၈၀၀ စာအတွက်  ကွာရန်တင်းစင်တာပေါင်း ၁၉၃၄ နေရာ ပြင်ဆင်ထားကြောင်း၊ Positive လူနာ ၄၅၉၀၀ မှ ၄၆၀၀၀ လောက် ဝင်ဆံ့တဲ့ နေရာပေါင်း ၁၁၁၄ နေရာရှိကြောင်း။ လူနာ  ၂၅၅၀၀   အတွက် ကုသရေးစင်တာပေါင်း ၅၆၀ လုပ်ထားပြီး  တပ်မတော်မှာ တက်နေတဲ့ ဆေးရုံ နေရာ ၃ နေရာမှာ အကုန်လုံး ကျွေးမွေးထားတယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိတဲ့အနက် ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၂၃၁ ယောက် ရှိခဲ့ပြီး နိုင်ငံတဝန်း စုစုပေါင်းသေဆုံးသူ အယောက် ၅,၀၀၀ ထိရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လှိုင်းသစ်ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတာနဲ့အမျှ သုသာန်တွေမှာ ပုံမှန်ထက် ပိုများတဲ့ လူသေရုပ်အလောင်းတွေ ရာနဲ့ချီပြီး သင်္ဂြိုဟ်ပေးနေရပြီး ဒေသအသီးသီးမှ မှတ်တမ်းတွေအရ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးမှုစာရင်းထက်  နေ့စဉ်သေဆုံးသူဦးရေက အဆမတန်ပိုမိုများပြားတယ်လို့ မြေပြင်မှာကွင်းဆင်းဆောင်ရွက်နေတဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013