DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ကို အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
DVB
·
July 18, 2021
အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ကို အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
Donate to DVB

ရန်ကုန်အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုထံက စုံစမ်း သိရပါတယ်။ 

ဦးဟံသာမြင့်ဟာ အကျဉ်းထောင်ထဲမှာ အောက်စီဂျင်ကျတဲ့ ဝေဒနာခံစားနေရတာကြောင့်  ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ 

ဦးဟံသာမြင့်ရဲ့ သမီးအကြီးဖြစ်သူက  “ ရန်ကုန်ဆေးရုံကြီး Ward (လူနာဆောင်) ထဲမှာ။ အိုင်စီယူမှာတော့ မဟုတ်ဘူး။ မနေ့က နေ့လည် ၂ နာရီလောက်ကစပြီးတော့ ဖုန်းဆက်တယ်။ သူ့ဘေးမှာလိုက်ပါလာတဲ့ ရဲအရာရှိဖြစ်မယ်ထင်တယ်။ ကျမဆီဖုန်းဆက်တယ်။ ဦးဟံသာသမီးလားတဲ့ ဆေးရုံရောက်နေတယ်ပေါ့နော် အထဲမှာ အောက်ဆီဂျင်ကျနေလို့တဲ့ ဘယ်လောက်ကျနေလို့လဲဆိုတော့ အောက်ဆီဂျင်က ၈၅ လောက်ကျသွားတာပေါ့နော်။ ဒီနေ့ပဲ အင်းစိန်ထောင်ကနေ ခေါ်လာပါတယ်လို့ဆိုပြီးတော့ သွားလိုက်တော့ ဟိုရောက်တော့ အရေးပေါ်မှာ ခဏထားတာပေါ့။ အင်းစိန်မှာ ကိုဗစ်စစ်လာတာ Negative ပဲထွက်တယ်တဲ့ အဲဒါကြောင့် ဒီမှာထပ်ပြီး နှာခေါင်းတို့ဖတ် ထပ်ယူထားတယ်တဲ့။ Positive ထွက်မှာ Ward  ထဲကို ရွေ့ရမှာဆိုတော့ ညကျတော့ ၉ နာရီလောက်ကမှ  Positive အဖြေထွက်လို့  Ward ထဲကို ရွေ့လိုက်တာပေါ့။”

ဦးဟံသာမြင့်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကတော့ အောက်ဆီဂျင်ကျနေပေမဲ့ မောပန်းနေတာမရှိသလို စကားပြောနိုင်၊  အစားတွေစားနိုင်တယ်လို့ သိရပါတယ်။ မိသားစုနဲ့ ဖုန်းနဲ့စကားပြောခွင့်ရပြီး ဆေးရုံအဆောင်ထဲဝင်ခွင့်မရကြောင်းနဲ့ လူနာဟာ လက်ထိပ်ခတ်ခံထားရကာ အရပ်ဝတ်နဲ့ ရဲနှစ်ယောက် ဘေးမှာ အမြဲတမ်း စောင့်နေတယ်လို့ဆိုပါတယ်။ လူနာလှုပ်ရှားရလွယ်ကူစေဖို့  လက်ထိပ်မခတ်စေချင်ဘူးလို့လည်း သမီးဖြစ်သူကပြောပါတယ်။

“ အခုအချိန်မှာ ရန်ကုန်ဆေးရုံကြီးမှာ သေချာကုလို့ရနေတယ်ဆိုတာကိုပဲ ကံကောင်းနေတာပဲ။ သူတို့ အကြောင်းမကြားပေးလို့ရှင်ရင်လည်း ကိုယ်တွေက မသိရဘူးလေ။ အဲလိုမျိုးပေါ့။ အဆိုးထဲက အကောင်း ကိုယ်တွေက ဖြည့်ဆည်းတွေးရတာပေါ့လေ။ အမှန်ကတော့ ဒီလူကြီးတွေကို ဖမ်းထားတာတော့ မလုပ်စေချင်ဘူးပေါ့။ အနှောင်အဖွဲ့ဟာတွေနဲ့၊ လူမမာလည်းဖြစ်နေတယ်။ အပြင်မှာ စောင့်နေရုံနဲ့ လုံလောက်ပါတယ်။ ဒီလောက် ဖြစ်နေတဲ့တာ နေမှမကောင်းတာ၊ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ဆိုတော့လေ အဲလိုမျိုးမလုပ်စေချင်ဘူးပေါ့။ လွတ်လွပ်လပ်လပ်လေး နေစေချင်တာပေါ့။ ” 

အသက် ၇၃ နှစ်အရွယ်  ဦးဟံသာမြင့်ဟာ  သွေးတိုး၊ ဆီးချိုရောဂါအခံတွေရှိပြီး ပြီးခဲ့တဲ့နှစ်က ဆီးကျိတ်ကင်ဆာခွဲစိတ်ကုသမှုခံယူထားသူ  ဖြစ်ပါတယ်။ 

အလားတူ ဖမ်းဆီးခံထားရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ( အိုင်စီယူ)မှာ ဆေးကုသမှုခံယူနေရပါတယ်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းဟာလည်း စစ်ကြောစခန်းမှာ ထိန်းသိမ်းခံထားရစဉ် ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရပြီး သတိလစ်သွားတာကြောင့် စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် အာဏာကို စစ်တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ တရားမဝင် သိမ်းယူခဲ့ပြီးနောက် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အန်အယ်လ်ဒီခေါင်းဆောင်တွေအားလုံးကို ဥပဒေမဲ့  ဖမ်းဆီးထားတာ ၆ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

Photo Credit- KOICA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013