
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် (၂) ဂျပန်လမ်းမှာရှိတဲ့ မိဘမဲ့ဂေဟာက ကလေး ၁၄ ယောက်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ဂေဟာကို ဇူလိုင် ၁၆ နေ့က စတင် အသွားအလာ ကန့်သတ်ထားပါတယ်။
မိဘမဲ့ဂေဟာမှာ ကလေးတချို့ မျက်လုံးနီရဲနေတာ၊ အနံ့ပျောက်တာတွေ ဖြစ်ပေါ်နေလို့ ခရိုင် ကျန်းမာရေးဦးစီးဌာနက လာရောက် စစ်ဆေးပေးရာမှာ ကလေးငယ် ၁၄ ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့တဲ့ ကလေးတွေကို သီးခြားအိမ်တစ်လုံးမှာ ထားရှိပြီး ဂေဟာက ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ ပိုးကူးစက်တာမတွေ့ရပါဘူး။
မြစ်ကြီးနား မြို့နယ်အတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း၊ မျက်မမြင်ကျောင်း အပါအဝင် စားသောက်ကုန်ဆိုင်တွေနဲ့ လူနေအိမ်တွေကို အသွားအလာကန့်သတ်ထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ မြစ်ကြီးနားမြို့နယ်ကို Stay at Home မြို့နယ် အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက် ည ၈ နာရီမှ ဇူလိုင် ၁၅ ရက်ည ၈ နာရီအတွင်း ကချင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၂ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီး မြစ်ကြီးနားမြို့နယ်မှာတော့ ကူးစက်ခံရသူ ၃၉ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။