DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သုသာန်များတွင် မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း များပြားနေဆဲဟု ပရဟိတအဖွဲ့များ ပြော
DVB
·
July 17, 2021
ရန်ကုန် သုသာန်များတွင် မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း များပြားနေဆဲဟု ပရဟိတအဖွဲ့များ ပြော
Donate to DVB

ရန်ကုန်မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်းတွေ များပြားနေဆဲဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးနှုန်းမကျသေးဘူးလို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ 

ဇူလိုင် ၁၇ ရက်နေ့မှာ ရန်ကုန်မြို့က ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင် သုသာန်တွေမှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်းတွေ များပြားနေဆဲဖြစ်ပြီး သေဆုံးသူအများစုဟာ ကိုဗစ်ကြောင့် အောက်စီဂျင်မရဘဲ သေဆုံးတာတွေ့ရတယ်လို့ အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ 

ထိန်ပင်မှာ တစ်ရက်ကို ရုပ်အလောင်း ၃၀၀ ကျော်၊ ရေဝေးမှာ ၂၀၀ ကျော်၊ ကျီစုမှာ ၁၀၀ ကျော်၊ ကျူချောင်မှာ တစ်ရက်ကို ရုပ်အလောင်း ၂၀နီးပါး မီးသင်္ဂြိုဟ်နေရတာဖြစ်ပြီး စုစုပေါင်း တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် ၇၀၀ နီးပါး ရှိနေတယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်။

မီးသင်္ဂြိုဟ်နေတဲ့ ရုပ်အလောင်းအရေအတွက်ကို သုသာန်တာဝန်ရှိသူတွေဆီကို ဆက်သွယ်မေးမြန်းပေမယ့် အထက်ဌာနတွေက ခွင့်မပြုတာကြောင့် ဖြေဆိုခွင့်မရှိဘူးလို့ ဆိုကြပါတယ်။ 

ပရဟိတအဖွဲ့တွေ ခန့်မှန်းတဲ့စာရင်းဟာ အဖွဲ့အချင်းချင်း အကူအညီပေးခဲ့ရတဲ့အခြေအနေကို မေးမြန်းပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ပရဟိတအဖွဲ့တွေဟာ မနိုင်ဝန်ထမ်းနေရပြီး အားလုံး ကိုကူညီနိုင်ဖို့အချိန်မလုံလောက်ဘဲ အခက်အခဲရှိနေပါတယ်။ သေဆုံးနှုန်းမကျသေးတာကတော့ မျက်မြင်ဖြစ်တဲ့အတွက် သေချာတယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်။

မြေပြင်မှာ အိမ်တိုင်ရာရောက် ဆေးကုသမှုပေးနေတဲ့ ပရဟိတဆရာဝန်တစ်ယောက်ကတော့ သေဆုံးနှုန်းမြင့်တက်နေတာနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာတွေကို ဆေးရုံတွေက လက်မခံဘဲ အိမ်ပြန်လွှတ်နေတဲ့အခြေအနေအပေါ် မေးခွန်းထုတ်ပါတယ်။ 

သူ့ရဲ့လေ့လာတွေ့ရှိချက်တွေအရ တချို့ဆေးရုံတွေဟာ အမှန်တကယ်နေရာမရှိလို့ လက်မခံတာဖြစ်ပေမယ့် တချို့ဆေးရုံတွေကတော့ အမိန့်တစုံတရာကြောင့် မရိုးမသားဆောင်ရွက်နေတာလို့ ရွှေသမီး Medical Team ဉီးဆောင်ဆရာဝန်ကဝေဖန်ပါတယ်။ 

အောက်ဆီဂျင်ရဖို့အခက်အခဲရှိနေသလို ပရဟိတအဖွဲ့တွေက ပြည်သူကို အကူအညီပေးဖို့ လိုအပ်တဲ့ ဆေးဝါးနဲ့ အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူရတာလည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး အောက်ဆီဂျင်ပြတ်လပ်တာကြောင့် ကိုဗစ်လူနာသေဆုံးနှုန်း ဆက်တိုက်မြင့်တက်ခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းထက် မြေပြင်မှာ အခြေအနေပိုဆိုးနေတယ်လို့ ပရဟိတအဖွဲ့တွေက ခန့်မှန်းပါတယ်။ 

ရန်ကုန်မြို့က သုသာန်တွေမှာ ဇူလိုင် ၁၃ ရက်နဲ့ ၁၄ရက်နေ့တွေတုန်းက ကြမ်းပြင်မှာရုပ်အလောင်းတွေ တန်းစီပြီး မီးသင်္ဂြိုဟ်ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ 

ဇူလိုင် ၁၅ ရက်နေ့မှာတော့ ရုပ်အလောင်းတွေကို မြို့နယ်အလိုက်ခွဲပြီး သင်္ဂြိုဟ်ဖို့ စစ်ကောင်စီက စီစဉ်ခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားခဲ့ပါတယ်။

ဒီဗွီဘီက ပရဟိတသားတွေကို စုံစမ်းမေးမြန်းချက်အရ ဇူလိုင် ၁၆ ရက်နေ့က တရက်တည်း အလောင်း ၆၀၀ ကျော် ၇၀၀ ကြား သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013