DVB Logo
Home
Lead Story
ဘက်လိုက်သတင်းသမားတစ်ဦး၏ ကိုယ်တွေ့သမိုင်း
DVB
·
July 17, 2021
ဘက်လိုက်သတင်းသမားတစ်ဦး၏ ကိုယ်တွေ့သမိုင်း
1 / 3
Donate to DVB

ဘီဘီစီနေမင်းဟု လူသိများသော စာရေးသူ နေမင်း (သရက်) က သူ၏ စာအုပ်ကို ဘက်လိုက် သတင်းသမားရဲ့အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်းဟု အမည်ပေးထားသည်။ ဘက်လိုက် သတင်းသမားဟူသော အမည်က သတင်းသမားမှန်လျှင် ဘက်မလိုက်ရဟူသော ကျင့်ဝတ်ကို စိန်ခေါ်နေသည့်ပုံမျိုးပေါက်နေသည်။ သို့သော် စာရေးသူ (ဦး)နေမင်းက သတင်းကျင့်ဝတ်ကို စိန်ခေါ်သည့်အနေနှင့် ဤစာအုပ်ကိုရေးခြင်းမဟုတ်ကြောင်း အတိအကျ ရှင်းပြထားသည်။ 

“စာရေးသူသည် မြန်မာရော ကမ္ဘာပါသိခဲ့ရသည့် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်  ပတ်သက်သည့် အကြောင်းအရာ သတင်းများကို ၁၉၈၈ ခုနှစ်ကာလက မြန်မာနိုင်ငံအတွင်းမှ နိုင်ငံ ခြားသို့ ပေးပို့ခဲ့ရာတွင် မိမိမြင်တွေ့ကြားသိခဲ့ရတဲ့ သတင်းအချက်အလက်များကို ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် မျှမျှတတအရှိကို အရှိအတိုင်း ရိုးရိုးသားသား တင်ပြခဲ့သူ မဟုတ်ပေ။ မြန်မာ့လူ့ အဖွဲ့အစည်း ကြုံတွေ့နေရသည့် တရားလက်မဲ့အုပ်ချုပ်သည့် စနစ်ဆိုး ဒုက္ခဆိုးမှ လွတ်ရာ လွတ် ကြောင်း နည်းပေးလမ်းပြ ဖော်ဆောင်ရာရောက်သည့် အာဘော်များကို ဉာဏ်မီသမျှ သတင်းမှန် များနှင့် ပူးတွဲတင်ပြသူ ဖြစ်ခဲ့ပါသည်။ မိမိဖြစ်စေချင်သည့် ကြိုတင်နိမိတ်ပြပုံရိပ်များကို သတင်း အဖြစ်ဖော်ထုတ်ပြီး လူ့အဖွဲ့အစည်းတစ်ခုကို ယင်းနိမိတ်ပုံရိပ်များအတိုင်း လုပ်ဆောင်လာအောင် လှုံ့ဆော်မှုပြုရာရောက်သည့် အာပတ်သင့်သည့် သတင်းများကိုလည်း ပေးပို့ခဲ့သူ ဖြစ်ပါသည် ” (စာ ၁၉ ) 

“ မဆလအာဏာရှင်ဂိုဏ်းသားတွေရဲ့ မဟုတ်မတရားတာတွေကိုပဲ စာရေးသူက ဖော်ထုတ်တင်ပြ ခဲ့ပြီး စာရေးသူဘက်ကလည်း ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလအတွင်း သတင်းစည်းကို မစောင့် ထိန်းဘဲ လုပ်ခဲ့မိတာတွေကို ထုတ်ဖော်ပြောပြမှသာ တရားနည်းလမ်းကျမည်ဟု ယူဆပါသည်”  ( စာ ၂၀)

“ မည်သူ့ကိုမှ လက်စားချေရန်၊ လက်တုံ့ပြန်ရန် ရည်ရွယ်ချက်အလျဉ်းမရှိပါ ။ - - -စာဖတ်သူ၏ ဆင်ခြင်တုံတရား မြင့်မားစေရန် ရည်သန်ပြီး ဤစာတမ်းကို ပြုစုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမှန်နှင့် အမှား၊ တရားနှင့် မတရားကို စာဖတ်သူတို့ဘက်ကသာ ဆုံးဖြတ်ကြပါ (စာ ၉ )” ဟု အမှာစာတွင် ရေးသားထားချက်အရ စာရေး သူ (ဦး)နေမင်း၏ စေတနာသည် လေးစားစရာ ဖြစ်ပါသည်။  

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် ည ၉ နာရီကျော်ကျော်တွင် ရန်ကုန်ဆေးရုံကြီးရှိ အစ်မဖြစ်သူ သူနာ ပြုဆရာမကြီးက  တယ်လီဖုန်းဖြင့် သတင်းတစ်ပုဒ်ပေးပို့ခဲ့သည်မှ အစပြု၍ ရှစ်ဆယ့်ရှစ် အရေး တော်ပုံကြီးအတွင်း ဝင်ရောက်ကာ သတင်းသမားတစ်ယောက်အဖြစ် ဘီဘီစီ သတင်းဌာနနှင့် ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ပုံ အကြောင်းများကို အသေးစိတ်တင်ပြထားသည်။ မတ်လ ၁၃ ရက် နေ့တွင် ဖြစ်ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အရေးအခင်းတွင် အစိုးရ ဘက်က ဥပဒေမဲ့ဖြေရှင်းခဲ့ပုံ၊ ပြည်သူလူထုကို လိမ်လည်လှည့်ဖျားခဲ့ပုံ စသည့် အချက်အလက်များ ကို မတရားဖမ်းဆီးခံရသူ တစ်ဦးအတွက် လိုက်လံကူညီရင်း ဦးနေမင်း သိခဲ့သည်။ ထိုကာလအထိ သူသည် ဗဟိုတရားရုံးရှေ့နေတစ်ဦးသာ ဖြစ်နေသေးသည်။ 

၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်  ဘီဘီစီအပြည်ပြည်ဆိုင်ရာ သတင်းထောက် ခရစ္စတိုဖာဂန်းနက် နှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင်မှ  ဘက်လိုက်သတင်းသမားအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ ထိုနေ့တွင် မဆလပါတီ၏ အရေးပေါ်ညီလာခံကျင်းပခဲ့ပြီး ဦးနေဝင်းက ပါတီဥက္ကဋ္ဌအဖြစ်မှ တရား ဝင်နုတ်ထွက်လိုက်ပါသည်။ ဦးနေမင်းက ခရစ္စတိုဖာဂန်းနက်အတွက် သတင်းနှင့် ဆက်စပ်သော ပုဂ္ဂိုလ်များကို တွေ့ဆုံနိုင်ရန်  ချိတ်ဆက်ပေးခဲ့သည်။ ခရစ္စတိုဖာဂန်းနက်က ပြန်လည် ထွက်ခွါ သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့တွင် အခြေစိုက်ကာ မြန်မာသတင်းများကို ရယူသည့် အချိန်တွင် မြန်မာပြည်အတွင်းမှ သတင်းပေးပို့သူမှာ ဦးနေမင်း ဖြစ်သည်။ 

ဤစာအုပ်တွင် စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး အတွက် ရက်သတ်မှတ်သည့်အကြောင်းဖြစ်သည်။ အရေးတော်ပုံကြီးဖြစ်မည့်ရက်ကို သူကိုယ်တိုင် မှန်းဆပြီး ဘီဘီစီမှ ထုတ်လွှင့်အောင် လုပ်ခဲ့သည်ဟု ရေးထားသည်။ 

“ မြန်မာသက္ကရာဇ် ၈၈၈ ၌ မြန်မာမင်းနေပြည်တော်တစ်ခုပျက်၍ မင်းပြောင်းမင်းလွဲတစ်ခု ဖြစ်ခဲ့ ဖူးသဖြင့်  ဂငယ်သုံးခု ဥရှစ်ထု ဟူသော စကားသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော ကိန်း တဘောင် ဖြစ်ရာ ရှစ်လေးလုံးဆုံရာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသား လူငယ် များ ဦးဆောင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် လူထုတစ်ရပ်လုံးက ဒီမိုကရေစီ တောင်းဆို ပွဲကြီး ကျင်းပလိမ့်မည်ဟူသော သတင်းကို စာရေးသူက ဒက္ကာရှိ ခရစ္စ ထံ ဇူလိုင်လကုန်ပိုင်း ၂၈/၂၉  တွင် ပင် ပို့ခဲ့သည်။ ထိုသတင်းကို မိမိစိတ်ခံစားချက် သုံးသပ်ချက်အရ ခန့်မှန်းပြီး ပေးပို့ခဲ့ခြင်းသာ ဖြစ်ပါသည်။ မည်သည့် ကျောင်းသားပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မျှ နှီးနှောတိုင်ပင် အတည်ပြုချက် ရယူပြီး ပေးခဲ့ခြင်း မဟုတ်ပါကြောင်း ရိုးသားစွာ ဝန်ခံအပ်ပါသည် ” ( စာ ၇၈)

“ စာရေးသူသည် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအထိ သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသား လူငယ်များ ဦးဆောင်၍ တစ်ပြည်လုံးဆန္ဒပြမည့်သတင်းကို ဘီဘီစီမှ ထုတ်လွှင့်ကြေညာပြီး ဖြစ် သော်လည်း မည်သည့်ကျောင်းသားအဖွဲ့နှင့်မှ ယင်းကိစ္စကို စာရေးသူ ဆွေးနွေးအတည်ပြုချက် မရ ရှိသေးပါ။ - - - - စာရေးသူက မိမိအပိုင်တွက်ဆပြီး ရှစ်လေးလုံးနေ့တွင် လူထုဆန္ဒပြပွဲကြီး ဖြစ် မည်ဟု ဘီဘီစီမှ တစ်ဆင့် ကြေညာပြီးမှ  မဖြစ်ခဲ့လျှင် ဆိုသော အတွေးသည် စာရေးသူအား ခြောက်လှန့်နေပါသည်” ( စာ ၈၆)

“ ပြည်သူတွေ၏ အပူမီးကူးစက်၍ လောင်မြိုက်ခံရသော နိုင်ငံရေးသတင်းသမားတယောက် အဖြစ် စာရေးသူသည် ၁၉၈၈ မြန်မာ့နိုင်ငံရေး ဝဲဂယက်အတွင် မမျှော်လင့်ဘဲ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ယခုနေရင်းထိုင်ရင်း အောင်မြင်သော ရှေ့နေဘဝမှ နိုင်ငံရေးတွက်ကိန်းမှားသဖြင့် လူလိမ်သတင်း သမားဘ၀ ရောက်တော့မှာလားဟု အတွေးဝင်လာပါသည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းသည် စာရေးသူအား နှလုံးရောဂါ ရရှိရန် အစပျိုးခဲ့သော အချိန်ဖြစ်သည်ဟု ဆိုရပါမည်။   

- - - -  စာရေးသူအား သြဂုတ်လ ၈ ရက်နေ့တွင် မည်သူမျှ ဆန္ဒမပြလျှင် မိမိတို့ ကျောင်းသားအဖွဲ့  လှည်းတန်း၌ ဆန္ဒပြပေးပါမည်ဟု ကတိပြုခဲ့သော ကျောင်းသားအဖွဲ့ နံနက် ၁၀ နာရီခန့်တွင် စာရေးသူထံ ဖုန်းဆက် အကြောင်းကြားလာပါသည်။ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များမှ ပြည်သူများသည် ရန်ကုန်မြို့လည်သို့ ဆန္ဒပြရန် ချီတက်လာနေကြောင်း၊ - - -မကြာမီ  ရန်ကုန် မြို့လည်တွင် ပါတီစုံဒီမိုကရေစီလိုလားကြောင်း ဆန္ဒပြမည့် လူထုကြီးစုစည်းရောက်လာ တော့မည်ဖြစ်ကြောင်း - - - အကြောင်းကြားခဲ့ပါသည်” ( စာ၈၉ - ၉၀) 

စာရေးသူ ဦးနေမင်းသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။ ဦးနေမင်း၏ ဘက်လိုက်သတင်းသမားဘဝသည် လပိုင်းသာ ကြာမြင့်ခဲ့သည်။ ဦးနေမင်းသည် သူ့သတင်းများကို ထုတ်လွှင့်ခဲ့သော ဘီဘီစီသတင်းဌာနနှင့် ပတ်သက်၍ နောက်ဆုံးအခန်းတွင် ရေးသားထားသည်။ ဆက်လက်သုတေသနလုပ်ရမည့် အချက်များ ဖြစ်သည်။ ဘီဘီစီနှင့် ဦးနေမင်း၏ အဆက်အစပ်၊  ဦးနေမင်းကဲ့သို့သော ဘက်လိုက်သတင်းသမား တယောက်အပေါ် သဘောထား၊ ရှစ်လေးလုံးအရေးတော်ပုံတွင် ဘီဘီစီ၏ ပါဝင်ပတ်သက်မှု ၊ စသည်ဖြင့်။ 

ဦးနေမင်းနှင့် ခရစ္စတိုဖာဂန်းနက်တို့၏ ပြန်လည်တွေ့ဆုံခန်းမှာ စိတ်ထိခိုက်စရာအကောင်းဆုံး ဖြစ်ပါသည်။ ဦးနေမင်းက သူထောင်ကျရသည့်အကြောင်းရင်းတွင် ခရစ္စတိုဖာဂန်းနက်လည်း တစိတ်တပိုင်းပါဝင်နေလိမ့်မည်ဟု ယူဆခဲ့ပုံရသည်။

“ စာရေးသူသည် ဗဟိုစည်ဆေးရုံတွင် ကြာရှည်မတက်ရောက်နိုင်ဘဲ အိမ်တွင် ဝေဒနာ သက်သာ အောင် ပြန်လည်အနားယူနေချိန်တွင် ခရစ္စထံမှ အဆက်အသွယ်ဝင်လာခြင်း ဖြစ်ပါသည်။ ခရစ္စ အသံကြားလျှင်ကြားချင်း ထိတ်လန့်သွားပါသည်။ တတိယအကြိမ် ထောင်ထဲထည့်ဖို့ စာရေးသူ ထံ ဆက်သွယ်လာသလားဟု ထင်မိပါသည်။ ”  

“ ၂၀၁၃ သြဂုတ်လ ၆ ရက်နေ့တွင် ခရစ္စ ရန်ကုန်ရောက်လာပါသည်။ သူနှင့် ပတ်သက်သော မြန်မာနိုင်ငံတွင်းမှ မိတ်ဆွေများက စာရေးသူထံ ဖုန်းဆက်ပြီး ခရစ္စက အလွန်တွေ့ချင်ကြောင်း ပြောကြပါသည်။ စာရေးသူလည်း ၂၅ နှစ်ကြာ ကွဲကွာနေသော မိတ်ဆွေကြီး၏ သဘောထား အမှန်ကို လူချင်းဆုံပြီး ရှင်းတာ အကောင်းဆုံးဟု ယူဆပြီး နောက်ဆုံးတွင် သူနှင့် သြဂုတ်လ ၇ ရက်ည၌ တွေ့ဆုံရန် ကတိပြုခဲ့ပါသည်”

“စာရေးသူက သူနှင့်ပတ်သက်ပြီး ကြားရသောသတင်းများ၊ ကြုံရသည့် အဖြစ်များကို ပြောပြပြီး ဘာကြောင့် ဦးသိန်းစိန်အစိုးရက မင်းကို ပြည်ဝင်ခွင့်ပြုခဲ့တာလဲဟု သံသယရှိသမျှ ကုန်စင်အောင် မေးခဲ့ပါသည်။ သူကလည်း ဝမ်းနည်းပက်လက်ဖြင့် ငိုယိုကာ စစ်အစိုးရလူမဟုတ်ကြောင်း၊ ပြည်ဝင် ခွင့် ၁၉၈၈ ခုနှစ်က စ၍ အပိတ်ခံခဲ့ရကြောင်း ရှင်းပြသည်။ သံသယများကင်းရှင်းပြီးနောက် ခရစ္စနှင့် စာရေးသူတို့ ဆက်ဆံရေးမှာ တူနှင့် ဦးလေး၊ သားနှင့်အဖကဲ့သို့ ပြန်လည်ရှိခဲ့ပါသည်။ ” (စာ ၂၃၉ - ၂၄၀)

စာရေးသူဦးနေမင်းက သူ၏ ကိုယ်တွေ့သမိုင်းကို ပြောပြကာ ပညာသတိကြီးကြပါစေဟု ဆန္ဒပြု ထားသည်။ ရှစ်လေးလုံးသမိုင်းနှင့်ပတ်သက်၍ ဆက်လက်သုတေသနပြုစရာတွေ အများအပြား ကျန်နေသေးရာ သူ၏ဆန္ဒမှာ အမှန်တရားကို  ဖော်ထုတ်တင်ပြလိုသူတို့အတွက်လည်းကောင်း၊ သမိုင်းသင်ခန်းစာကို ရယူလိုသူတို့အတွက်လည်းကောင်း အဓိက ရည်ညွန်းချက် ဖြစ်ပေလိမ့်မည်။         ။

{ စာညွှန်း  - “ ဘက်လိုက်သတင်းသမားရဲ့ အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်း”  နေမင်း (သရက်)- ပထမအကြိမ် (လွင်ဦးစာပေ) ၂၀၁၆ ဇူလိုင်}

မောင်သာမည

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013