
၈၈ ရဲ့ အတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာတွေနဲ့ နွေဦးတော်လှန်ရေးရဲ့ အတွေးအမြင်သစ်တွေ ပေါင်းစပ်ပြီး စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ထုတ်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း နွေဦးတော်လှန်ရေး လူငယ်မျိုးဆက်သစ်တွေက ပြောပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပြီး တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ အခြေခံလူ့အခွင့်အရေး တောင်းဆိုမှုတွေကြား ၁၉၈၈ ခုနှစ်မှာ အထွေထွေလူထုသပိတ်ကြီး ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်မှာတော့ အဲဒီအရေးတော်ပုံ ၃၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အထွေထွေ လူထုအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီး လူထောင်ချီ သေဆုံးခဲ့သလို ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။
လူငယ်မျိုးဆက်တွေကတော့ ၈၈ အရေးတော်ပုံဟာ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကောင်းတွေအဖြစ် ဆက်ရှိနေတယ်လို့ လူငယ်မျိုးဆက်သစ် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့မှ ကိုရေဘဝဲက “၈၈ တုန်းက ဖြတ်သန်းခဲ့တဲ့ အဖေတွေ၊ ဦးလေးတွေ ပြောပြချက်တွေ၊ စာပေကနေပြီးတော့ ဖတ်မှတ်ရတဲ့ဟာတွေ၊ ဆိုရှယ်မီဒီယာကနေ ပြီးတော့ ကျနော်တို့လူငယ်တွေ သိခွင့်ရတဲ့အခါမှာ သူတို့ပြောပြတဲ့အတိုင်းကိုပဲ ဒီအရေးတော်ပုံကြီးလိုပဲ၊ နွေဦးတော်လှန်ရေး ရောက်တဲ့အခါမှာလည်း ကျနော်တို့ လက်တွေ့ ဖြတ်သန်းနေရတယ်ပေါ့နော်၊ လက်တွေ့လည်း ကြုံခဲ့ရတယ်။ ၈၈ မျိုးဆက်ကနေ နွေဦးတော်လှန်ရေး လူငယ်မျိုးဆက်တွေ အထိကို လက်ဆင့်ကမ်းလာတဲ့ ၈၈ မျိုးဆက်ရဲ့ အတွေ့အကြုံကောင်းတွေနဲ့ နွေဦးတော်လှန်ရေးမျိုးဆက်တွေရဲ့ အတွေးအမြင်သစ်တွေ ပေါင်းစပ်ပြီးတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ အတွက်ကို ခံယူချက်ချထားပြီးသား ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ သပ်လျှိုသွေးခွဲမှုတွေက ဒီနေ့ခေတ် နွေဦးတော်လှန်ရေးမှာ ထိရောက်တဲ့ဗျူဟာ မဟုတ်တော့ဘဲ မတူကွဲပြားမှုတွေ ရှိနေပေမဲ့လည်း ၈၈၈၈ ရဲ့ သင်ခန်းစာတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဒဂုံ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မရွှေသိင်္ဂီက ပြောပါတယ်။
“ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့အတွက်ကိုမှ အလွှာအစုံ နေရာနယ်ပယ်အစုံက နေပြီးတော့မှ လူထုတရပ်လုံး ပါဝင်ခဲ့တဲ့ ပထမဆုံး လူထုအရေးတော်ပုံလို့ ပြောလို့ရတယ်ပေါ့နော်။ နိုင်ငံရေး မျှော်လင့်ချက်အမှားတွေ ပေးတယ်၊ နောက်တခုက ဒီမိုကရေစီရဖို့ လိုလားနေတဲ့ လူထုကို ဒီစစ်တပ်က ငြင်းပယ်ပြီးတော့မှ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေကို ဖမ်းဆီးပြီးတော့မှ အကျဉ်းချခဲ့တာမျိုး လုပ်ခဲ့တယ်ပေါ့နော်။ ရန်သူကနေပြီးတော့မှ မိမိတို့ တော်လှန်ရေးထဲကို သွေးခွဲတဲ့ နည်းနာမျိုး ကျင့်သုံးတယ်။ လက်ရှိတိုင်အောင်မှ စစ်တပ်က ကျင့်သုံးနေဆဲ ဖြစ်တယ်ပေါ့လေ။ ဆိုတော့ ဒါက အများကြီး သင်ခန်းစာယူလို့ရတယ်။ တိုက်ပွဲရဲ့ နိုင်ငံရေးရည်မှန်းချက် မအောင်မြင်မချင်းကို ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ပေါ့နော်။ ဒါက ၈၈ ကနေပြီးတော့မှ ဒီလက်ရှိ လူထုတော်လှန်ရေးအထိကိုမှ ဆက်လက်ပြီးတော့မှ တွန်းပို့နေတဲ့ အရာတွေ ဖြစ်တယ်ပေါ့နော်။”
၈၈၈၈ အကြိုလှုပ်ရှားမှုတွေအနေနဲ့ မြန်မာပြည်တွင်း အပါအဝင် တကမ္ဘာလုံးမှာ ထီးသပိတ်လှုပ်ရှားမှုတွေ၊ လူထုဆန္ဒ ထုတ်ဖော်မှုတွေနဲ့ စာတန်းချိတ်ဆွဲတာတွေ ပြုလုပ်နေကြသလို ရန်ကုန်လို လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာမှာလည်း မျိုးဆက်သစ်လူငယ်တွေရဲ့ နည်းပညာနဲ့ ပေါင်းစပ်ကာ သပိတ်လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေကြပါတယ်။
ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ သပိတ်တာဝန်ခံ ဂန္ဓမာက “၈၈ က မပြီးဆုံးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေ၊ စစ်အာဏာရှင် စနစ်ဆိုးတွေကို ကျနော်တို့ ဒီမျိုးဆက်က မဖြိုဖျက်နိုင်ဘူး ဆိုလို့ရှိရင် နောက်မျိုးဆက်က ဆက်ပြီးတော့ လက်ဆင့်ကမ်းပြီးတော့ ခံစားကြရဦးမယ် ဆိုပြီးတော့ ကျနော်တို့ ပုံဖော်ထားတယ်။ နိုင်ရာတာဝန်တွေကို ဟန်ဆောင်မထမ်းဘဲနဲ့ တကယ်ထမ်းဖို့ လိုတယ်ဆိုတဲ့ အကြောင်းအရာကိုလည်း ဒီလှုပ်ရှားမှုကို လုပ်ခဲ့တာ ဖြစ်တယ်ဗျ။ ဖြစ်ခဲ့တဲ့ အတိတ်အတိတ်တွေရဲ့ အရေးအခင်းတွေ အားလုံးက မပြီးဆုံးခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီမျိုးဆက်တွေမှာ ထပ်ပြီးတော့ ကြုံရတယ်၊ ခံစားရတယ်။ ဒီ မတရားဖိနှိပ်မှုတွေကို ကျနော်တို့ နောက်ထပ် မျက်ဝါးထင်ထင် ပြန်ပြီးတော့ တွေ့မြင်ရတာပေါ့နော်။ ဒီမျိုးဆက်က စစ်အာဏာရှင် ပြုတ်ကျရေး ဆိုတဲ့ နိဂုံးချုပ်ရေးကို ကျနော်တို့က ပိုပြီးတော့ အားသွန်ခွန်စိုက် အမြစ်ပြတ်ဖို့အတွက်ကို ပြီးခဲ့တဲ့ အရေးအခင်းတွေ အားလုံးက ကျနော်တို့ကို အပြီးသတ်လုပ်ဖို့အတွက် ဆက်ပြီးတော့ ခွန်အားပေးတယ်လို့ မြင်ပါတယ်ဗျ” လို့ ပြောပါတယ်။
၈၈ မျိုးဆက် မပြီးဆုံးနိုင်ခဲ့တဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို နွေဦးတော်လှန်ရေး လူငယ်မျိုးဆက်တွေက ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်နေကြပြီး ၈၈ ရဲ့ အတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာတွေနဲ့ နွေဦးတော်လှန်ရေးရဲ့ အတွေးအမြင်သစ်တွေ ပေါင်းစပ်ကာ စစ်အာဏာရှင်စနစ် အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုနေကြပါတယ်။
ဝေဝေ










