
ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်ကနေ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၂ ယောက် သေနတ်တလက်နဲ့အတူ အောက်တိုဘာ ၄ ရက် ညမှာ ထွက်ပြေးသွားတယ်လို့ စစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတဲ့ သာပေါင်းမြို့နယ်မှာ အောက်တိုဘာ ၄ ရက် ည ၇ နာရီလောက်က ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ဒုတပ်ကြပ်အဆင့်ရှိသူ တယောက်နဲ့ နောက်ထပ် တပ်ဖွဲ့ဝင်တယောက်ဟာ သေနတ်တလက်နဲ့အတူ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်အတွင်းက စစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ည ၇ နာရီကျော်ကျော် လောက်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့သူတွေက အရင်တပ်ဖွဲ့ဝင် တယောက်နဲ့ စစ်မှုထမ်းအပတ်စဉ် ၉ က တပ်ဖွဲ့ဝင်တယောက်လို့ သိရတယ်။ သေနတ်တလက်လည်း ပါသွားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်အာဏာရှင်တပ်ရင်း တာဝန်ရှိသူတွေက ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “စစ်ဆေးရေးဂိတ်မှာ တပ်ဖွဲ့ဝင်တွေ အများကြီး မရှိပါဘူး။ အသစ်တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ ပြေးတာဖြစ်မယ်။ အခုပြေးတဲ့သူတွေက တခြားဒေသကနေ ရောက်လာတဲ့သူတွေ” လို့ ပြောပါတယ်။
အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး သာပေါင်း ခလရ ၃၀၈ တပ်က တပ်အရာရှိတွေက အပူတပြင်း လိုက်လံရှာဖွေနေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ စစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က စစ်အာဏာရှင်တပ်စခန်း တခုကနေ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၄ ယောက် လက်နက်တချို့နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။










