
သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၈ နှစ်ပြည့်အထိမ်းအမှတ်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်အာဏာရှင် လက်အောက်ခံ သံရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက ဩဂုတ် ၈ ရက် ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲစီစဉ်မှု ကော်မတီဝင် ကိုသန့်ဇော်ထက်က "ရှစ်လေးလုံး အရေးတော်ပုံကြီးက မအောင်မြင်ခဲ့တာ မဟုတ်ပါဘူး၊ မပြီးဆုံးသေးတာပါ။ အခု ကျနော်တို့ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားသလို ‘ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်' ဆိုတဲ့အတိုင်း ကျနော်တို့ မျိုးဆက်က ကျနော်တို့ ဦးလေး၊ အဒေါ်တွေရဲ့ လက်ဆင့်ကမ်းမှုကို ဆက်လက် တိုက်ပွဲဝင်နေရတာလို့ ခံယူပြီး အခုလို ၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် တိုကျိုမှာ ပါဝင်ခဲ့တာပါ"လို့ ပြောပါတယ်။
ရန်ကုန်မြို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ တိုကျိုမြို့အခြေစိုက် We For Allအဖွဲ့မှ ဦးမြတ်သူက “ခေတ်အဆက်ဆက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အသက်ပေးခဲ့ကြသူတွေနဲ့ ၂၀၂၁ နောက်ပိုင်း နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူတွေကို အောက်မေ့ဂုဏ်ပြု ဦးညွတ်ခဲ့ကြပြီး "ကျနော်တို့ မျိုးဆက်က မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အခု နောက်မျိုးဆက်တွေနဲ့အတူ လာရောက်ပြီး တော်လှန်ရေးအောင်မြင်သည်အထိ အတူဆောင်ရွက်သွားဖို့ သန္နဋ္ဌာန် ချထားပါတယ်"လို့ ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်းပြသဖို့ ရည်ရွယ်ပြီး အခုလို ပွဲကို စီစဉ်ရတာလို့ ပွဲစီစဉ်မှု ကော်မတီဝင် ဦးမြင့်ဆွေကလည်း ပြောပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေသာမက ဂျပန်အခြေစိုက် Mekong Watch အဖွဲ့ အပါအဝင် ဂျပန် NGO တွေ၊ ဂျပန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ မြန်မာ့အရေး ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း အင်အား ၃၀၀ ကျော် လာရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်










