DVB Logo
Home
မြန်မာသတင်း
အမေရိကန်ဂျာနယ်လစ် အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရဟု ရှေ့နေပြော
DVB
·
July 16, 2021
အမေရိကန်ဂျာနယ်လစ် အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရဟု ရှေ့နေပြော
Donate to DVB

ရန်ကုန်အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့‌ရှေ့နေကို ဇူလိုင် ၁၅ ရက်နေ့ကပြောကြားပါတယ်။

ဒါပေမဲ့ ထောင်အာဏာပိုင်တွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။  ဒန်နီဖှန်စတာကို မေလ ၂၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချနိုင်တဲ့ လှုံ့ဆော်မှုနဲ့ တရားစွဲထားတာပါ။

အမေရိကန် အစိုးရနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အသင်းအဖွဲ့တွေက သူ့လွတ်မြောက်ရေးအတွက် တိုက်တွန်း တောင်းဆိုနေကြပါတယ်။

သူ့အမှုသည်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သူတောင်းတဲ့ ဆေးဝါးတွေလည်း မရဘူးလို့ ဇူလိုင် ၁၅ ရက် နေ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ရုံးထုတ်ကြားနာရာမှာ ပြောဆိုကြောင်း ဒန်နီဖှန်စတာရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

မြန်မာပြည်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များပြားလာခြင်းကြောင့် အင်းစိန်ထောင်ကို ဇူလိုင် ၈ ရက်ကစပြီး ၂ ပတ်ကြာ ပိတ်ထားပါတယ်။ 

ဒန်နီဖှန်စတာဟာ မနေ့က အကျဉ်းထောင်ထဲကနေ တရားခွင်အကြိုကြားနာခြင်းမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ရှေ့နေကတော့ မြို့နယ်တရားရုံးတခုကနေ ပါဝင် ဆောင်ရွက်ခဲ့တာပါ။ သူ့အမှုကို ဇူလိုင်လ ၂၈ ရက်မှာ နောက်ထပ်ကြားနာမှုလုပ်မယ်လို့ တရားရုံးက အမိန့်ချလိုက်ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

သူ့အမှုကို အမှန်တကယ် ဘယ်အချိန်စတင်မယ်ဆိုတော့ မရှင်းလင်းသေးပါဘူး။ ပြီးခဲ့တဲ့လတုန်းက‌တော့ ဖှန်စတာကို အရင်အလုပ်ဟောင်း Myanmar Now သတင်းဌာနမှာ အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတာနဲ့ပတ်သက်ပြီး တရားစွဲထားတယ်လို့  ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒန်နီဖှန်စတာဟာ မနှစ် ဇူလိုင်လက Myanmar Now ကနေ နုတ်ထွက်ပြီးနောက် တလအကြာမှာ Frontier Myanmar မှာ  မန်နေးဂျင်းအယ်ဒီတာအဖြစ် အလုပ်ဝင်ခဲ့တာပါ။ သူ ဘာကြောင့် အဖမ်းခံရတာလဲ ဆိုတာ မရှင်းလင်းဘူးလို့ သူ့ရဲ့‌ရှေ့နေက ပြောပါတယ်။ Frontier Myanmar အယ်ဒီတာချုပ် Tom Kean ကတော့ ဒန်နီကို လုံးဝဖမ်းမထားသင့်ဘူး၊ သူ့ကို မလွှတ်ပေးသေးတာကို စိတ်ပျက်မိတယ်၊ အရေးအကြီးဆုံးက သူ အခု  ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေလည်းရှိနေတယ်လို့ မနေ့က text message ကနေ ပြောကြားပါတယ်။

ဒန်နီဖှန်စတာကို ဆက်ထိန်းသိမ်းထားစရာ ဘာအကြောင်းမှမရှိဘူး၊ အာဏာပိုင်တွေအနေနဲ့ သူ့ကို သူ့မိသားစုဆီပြန်ဖို့ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။ အင်းစိန်အကျဉ်းထောင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်ကတော့ ဖှန်စတာဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြောဆိုပါတယ်။ ဒန်နီဖှန်စတာဟာ နိုင်ငံခြားသားတယောက်ဖြစ်လို့ အကျဉ်းထောင်က သူ့အခြေအနေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ အချက်အလက်တွေ ပေးပါတယ်လို့ သူက ဆိုပါတယ်။ သူ့မှာဗိုင်းရပ်စ်တွေ့ရင် အဲ့ဒီအကြောင်း သတင်းပို့မှာဖြစ်ပြီး လောလောဆယ် သူ့မှာ ဘာရောဂါမှ မရှိဘူးလို့ ဆိုပါတယ်။

အကျဉ်းသားတိုင်းကို ရဲတွေ ခေါ်ဆောင်လာချိန်မှာ ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်တယ်လို့ ဆိုပါတယ်။ သူတို့မှာ Positive ပြနေရင် Positive လူနာတွေအတွက် အဆောင်မှာထားပေးပြီး သူတို့ကို ဆေးကုသမှုပေးမယ်လို့လည်း ဦးချမ်းအေးကျော်က ပြောပါတယ်။   Positive အဆောင်မှာ လူနာ အယောက် ၃၀ ကျော်ရှိပြီး သူတို့ကို တခြားအကျဉ်းသားတွေနဲ့ ခွဲထားတယ်လို့လည်း ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013