DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ၃ မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိလာ
DVB
·
July 16, 2021
ရှမ်းပြည်နယ် ၃ မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိလာ
1 / 3
Donate to DVB

ရှမ်းပြည်နယ်အတွင်းက ကျေးသီး၊ မိုင်းကိုင်၊ ကျောက်မဲမြို့နယ်တွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSSနဲ့  ရှမ်းပြည်တိုးတတ်ရေးပါတီ SSPP မဟာမိတ်တပ်ဖွဲ့တွေအကြား တစ်လကျော်ကြာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိလာပြီလို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေပါတယ်။

ကျောက်မဲရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ စိုင်းလျှန်ဟန်က “အရင်ကတော့ ရှစ်ရာလောက်ပဲရှိတယ်။ အခုက စာရင်းထပ်တိုးတာတွေရှိနေလို့ ဒီနေ့ဆို တစ်ထောင်လောက်ရှိပြီ။ အဓိကလိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ လိုအပ်တယ်။ ရာသီတုပ်ကွေး ဖျားတာတွေရှိတယ်။ နောက်တစ်ခုက ကိုဗစ်ကာကွယ်ဖို့ လက်ဆေးရေ နှာခေါင်းစည်းတွေလိုတယ်၊ ကျနော်တို့ လိုက်ရှာဝယ်တာ လိုသလောက်မရဘူး”လို့ ပြောပါတယ်။

တိမ်းရှောင်လာသူတွေကို မိုင်းငေါ့မြို့ပေါ်က ဘုန်းကြီးကျောင်း၊ ရှမ်းစာပေယဉ်ကျေးမူ ကျောင်းနဲ့ မိုင်းငေါ့အနီးဝန်းကျင်ကျေးရွာတချို့က ဘုန်းကြီးကျောင်းတွေမှာ ယာယီစစ်ဘေးရှောင်စခန်း ၆ ခု ဖွင့်ပြီးစောင့်ရှောက်နေရတာပါ။

နှစ်ဖက်တပ်ဖွဲ့တွေအကြား ကျောက်မဲမြို့နယ်အတွင်းတော့ဆန်၊ ညောင်မောင်း၊ ကွန်ကော်၊ ပန်လင်ကျေးရွာအုပ်စုအတွင်းမှာ ဇွန်လကုန်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲတွင်း ကြွင်းကျန်မိုင်းထိပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိခဲ့ကြောင်း သိရပါတယ်။

“ပြီးခဲ့တဲ့အပတ်က ကျနော်တို့အဖွဲ့သွားခေါ်လာခဲ့တာ ပန်လင်ရွာမှာ မိုင်းထိလို့ အရပ်သား တစ်ဦး သေဆုံးတယ်၊ တစ်ဦး ဒဏ်ရာရတယ်။ အဲ့ဒီပတ်ဝန်းကျင်ကရွာတွေမှာ ကျွဲ၊ နွားတွေလည်း မိုင်းနင်းမိပြီးသေဆုံးတာတွေရှိနေတယ်”လို့ အိုမ်တမာဝ်လူမှုကူညီရေး အသင်းဝင်တစ်ဦးက ဆိုပါတယ်။

အလားတူ မေလကုန်ပိုင်းကစတင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွမ်းတောင်ကြောအနီးကတိုက်ပွဲကြောင့် ကျေးသီး၊ မိုင်းနောင်လမ်းတစ်လျှောက်ရှိ ကျေးရွာများကပြည်သူလူထု ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရတာ တစ်လ ကျော်ပြီး ဖြစ်ပါတယ်။

ကျေးသီးမြို့ဒေသခံ ဦးစိုင်းတင်အောင်က“ကျေးသီးကိုရောက်လာတဲ့ စစ်ဘေးရှောင်အားလုံး  နှစ်ထောင်ကျော်ရှိပြီး သူတို့ရောက်တာ တစ်လကျော်သွားပြီ။ ရက်ရှည်လာတော့ စားစရာခက်ခဲလာတယ်။ အဓိကတော့ ဆန်လိုနေတယ် ကူညီသူတွေလည်းလာပါတယ်။ လူဦးရေများတော့ လိုနေတာပါဗျာ”လို့ ပြောပါတယ်။

RCSS နဲ့ SSPP တပ်ဖွဲ့တွေတိုက်ပွဲဟာ မိုင်းကိုင်မြို့နယ် မိုင်းခွံတိုက်နယ်အုပ်စုအထိ ကူးစက်လာခဲ့ပြီး  ဇူလိုင်  ၁၃ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မိုင်းကိုင်မြို့ပေါ်ကို တိုက်ပွဲ တိမ်းရှောင်လာသူ ၂၅၀၀ ရှိနေပြီး  စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း မိုင်းကိုင်မြို့ယာယီ စစ်ဘေးရှောင်စခန်းကူညီနေသူတွေထံမှ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013