DVB Logo
Home
မြန်မာသတင်း
ပြည်သူ ၂၀,၀၀၀ ကျော်ကို အကြမ်းဖက်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခဲ့ဟု စစ်အာဏာရှင်ခန့် ဒုဝန်ကြီးပြော
DVB
·
June 18, 2026
Photo: Hluttaw
Photo: Hluttaw
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြည်သူ ၂၀,၀၀၀ ကျော်ကို အကြမ်းဖက်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ စစ်အာဏာရှင်ခန့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက လူမှုကွန်ရက်တွေ အသုံးပြုပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်း ဖြန့်ချိနေသူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ အနာဂတ်မှာ ဆောင်ရွက်မဲ့ အစီအစဉ်တွေ ရှိ၊ မရှိ ဇွန် ၁၈ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာကို ဗိုလ်ချုပ်မင်းသူက ဖြေကြားသွားတာ ဖြစ်ပါတယ်။

အနာဂတ်မှာ လူမှုကွန်ရက်တွေကတဆင့် အကြမ်းဖက် လှုံ့ဆော်တာတွေကို ပပျောက်သွားစေချင်ပါတယ်။ လျော့လည်း လျော့နည်းသွားစေချင်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက်ပြီး ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ဖို့ တင်းကျပ်တဲ့ စီမံချက်တွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ နည်းပညာရပ်တွေနဲ့ ပညာပေးလုပ်ငန်းတွေကို လက်ရှိထက် ပိုပြီး တိကျပြတ်သားစွာ ပညာပေးတာတွေ၊ ပြစ်ဒဏ်ပေးတာတွေ၊ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ သိရှိလိုပါတယ်လို့ ဒေါ်သန်းသန်းအေးက လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက အကြမ်းဖက် လုပ်ဆောင်မှုတွေရဲ့ တစိတ်တဒေသဖြစ်တဲ့ အကြမ်းဖက် သွေးထိုးလှုံ့ဆော်မှုနဲ့ တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲစေဖို့ လူမှုကွန်ရက် အမျိုးမျိုးကို အသုံးပြုပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေနဲ့ နိုင်ငံဂုဏ်သိက္ခာကျစေဖို့ မမှန်သတင်း ဖြန့်နေသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့အရ အရေးယူနေတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၂ တို့နဲ့ အရေးယူခဲ့တာ ၂၀၂၄ ခုနှစ်အတွင်းမှာ အမှုပေါင်း ၅,၃၄၉ မှုကနေ တရားခံ ၉,၃၁၂ ယောက်၊ ၂၀၂၅ ခုနှစ်မှာ အမှုပေါင်း ၅,၁၇၀ မှုကနေ တရားခံ ၈,၄၃၅ ယောက်၊ ၂၀၂၆ ခုနှစ်မှာ မေလအထိ အမှုပေါင်း ၁,၁၇၆ မှုကနေ တရားခံ ၁,၇၅၀ ယောက်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၉၇၄ မှုကနေ တရားခံ ၁,၁၅၂ ယောက်၊ ၂၀၂၅ ခုနှစ်မှာ အမှုပေါင်း ၃၉၄ မှုကနေ တရားခံ ၆၁၆ ယောက်၊ ၂၀၂၆ ခုနှစ်မှာ မေလအထိ အမှုပေါင်း ၈၄ မှုကနေ တရားခံ ၁၀၄ ယောက်ကို အရေးယူခဲ့ပါတယ်လို့ ဗိုလ်ချုပ်မင်းသူက ဆိုပါတယ်။

အင်တာနက်ပေါ်မှာ သတင်းတု သတင်းမှားတွေ တင်တာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ မဖွယ်မရာပုံတွေနဲ့ လိင်အသားပေးတာတွေ တင်တာ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ဥပဒေကြောင်းအရ တားမြစ်ဆောင်ရွက်နိုင်ရေး ကော်မတီကို ၂၀၂၆ ခုနှစ် ဧပြီလထဲမှာ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ သတင်းတု၊ သတင်းမှားတွေ တန်ပြန် ဆောင်ရွက်မှု ၂,၄၈၆ ခု၊ မဖွယ်မရာ တင်တာတွေနဲ့ ပတ်သက်ပြီး တယ်လီဖုန်းနံပါတ် ၁,၃၈၇ ခုနဲ့ ဘဏ်အကောင့် ၇၂၅ ခုတို့ကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတဲ့ အမှု ၁,၈၄၆ မှုက ပြည်သူ ၉၇၉,၉၉၇ ယောက်ကို ၁,၂၇၇၈ ကြိမ် အသိပညာပေးခဲ့တယ်လို့လည်း ဒုတိယဝန်ကြီးက ဆိုပါတယ်။

ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီ အနေနဲ့ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၂၄ နာရီ စောင့်ကြည့်တာ၊ သတင်းတု၊ သတင်းမှားတွေကို စိစစ်ပြီးတော့မှ တန်ပြန်ဆောင်ရွက်တာ၊ တယ်လီဖုန်းနံပါတ်နဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲဆို အရေးယူတာတွေကို ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013