စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ များပြားနေတာကြောင့် နေရာ အခက်အခဲဖြစ်နေပြီး Test Kit မလုံလောက်တာကြောင့် ဆေးစစ်ဖို့လာသူ အားလုံးကိုလည်း စစ်မပေးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက "ဆေးရုံကြီးမှာတော့ ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၇ ဦးလောက်ပဲရှိတာဆိုတော့ ဆေးစစ်မှုအပိုင်းကတော့ နေ့တိုင်းလုပ်မပေးနိုင်တာတွေ့ရသလို ပိုးတွေ့လူနာ ထားစရာနေရာလည်း အခက်အခဲတွေဖြစ်နေတာတွေ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်အခက်အခဲနဲ့ လူနာတွေကို ဆေးရုံ၊ ဆေးခန်းတွေကို သွားပို့ရာမှာလည်း လက်မခံတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဆိုပါတယ်။
“မုံရွာမြို့မှာသွားရင်လည်း လက်မခံတာတွေရှိတယ်။ စစ်ဆေးတဲ့နေ့မှာလည်း ၆၇ ဦး စစ်ဆေးတုန်းက ၄၀ ကျော်ပိုးတွေ့နေတာဆိုတော့ စစ်ဆေးတဲ့ဦးရေ ထက်ဝက်ကျော်က ပိုးတွေ့နေတာ။ စစ်ဆေးတဲ့ Test Kit အလုံအလောက်မရှိတာနဲ့ လုပ်ပေးတဲ့သူ နည်းတာရောဆိုတော့ အများကြီးမစစ်နိုင်ကြဘူး။ များများစစ်ရင် များများ ပိုးတွေ့နိုင်မှာပေါ့။ ကျနော်တို့သိရသလောက် နေအိမ်တွေမှာတင် သေဆုံးသွားတဲ့သူ ၆ ဦးလောက်ရှိပြီး နယ်တွေဘက်မှာလည်း အသက်ရှုကြပ်ပြီး သေဆုံးနေတာတွေ တွေ့နေရတယ်။"
ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ၅ ရက် ၁ ကြိမ် ကိုဗစ်-၁၉ ပိုးစစ်ဆေးမှု ပြုလုပ်နိုင်ပြီး လက်ရှိအချိန်ထိ ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၀ ဝန်းကျင်ရှိတာကြောင့် နေရာအကျပ်အတည်းဖြစ်နေတာလို့ ဆိုပါတယ်။