DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ကြက်ဥဈေးနှုန်းများ သိသိသာသာမြင့်တက် ပြတ်လပ်နေ
DVB
·
July 14, 2021
ရန်ကုန်မြို့တွင် ကြက်ဥဈေးနှုန်းများ သိသိသာသာမြင့်တက် ပြတ်လပ်နေ
Donate to DVB

ရန်ကုန်မြို့မှာ ခုရက်ပိုင်း ကြက်ဥ လက်လီလက်ကား ရောင်းဈေးနှုန်းတွေ သိသိသာသာမြင့်တက်လာသလို တချို့ရပ်ကွက်တွေမှာတော့  ဝယ်မရလောက်အောင် ပြတ်လပ်လာနေတယ်လို့  ကြက်ဉ ရောင်းဝယ်သူတွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။   

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်ခံရသူတွေရော သေဆုံးသူတွေပါ တိုးလာပြီးနောက် ကိုယ်ခံအားကောင်းအောင် ကြက်ဥစားသုံးကြရာက ဝယ်လိုအားတက်လာပြီး  ရပ်ကွက်တွေထဲက ဆိုင်တွေမှာ ကြက်ဥ ပြတ်လပ်တဲ့အထိဖြစ်နေတာပါ။ 

သာကေတမြို့နယ် ရက်ကွက်တစ်ခုမှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက “ ကြက်ဥ ဘယ်ဆိုင်မှမရှိတော့ဘူး။ အိမ်တိုင်းနီးပါးလည်း ဖျားသူရှိတယ်။  အားရှိအောင် ကြက်ဥက  တရက် ၃ လုံးလောက်စားခိုင်းတော့ဝယ်နေကြတာ။ ပြတ်ထွက်ကုန်တယ်။ တစ်လုံးကို ကျပ် ၂၀၀ လောက်နဲ့ ပေးဝယ်ရတယ်” လို့ပြောပါတယ်။

ဒေါပုံမြို့နယ်နေ ပြည်သူတစ်ဦးကလည်း "ကြက်ဥဝယ်လို့မရဘူးတဲ့။ သူငယ်ချင်းတယောက် ပြောတာတော့ သွားဝယ်တာ ကြက်ဥဒိုင်ကို စစ်တပ်က ဝင်စီးလို့တဲ့ ဘယ်မှာမှ မရဘူးတဲ့ စီပီကြက်လည်း ဝယ်မရတဲ့” လို့ ပြောပါတယ်။

တာမွေမြို့နယ်မှာလည်း  ပုံမှန်ကြက်ဥရောင်းတဲ့ ဆိုင်တွေပိတ်ထားသလို ဖွင့်တဲ့ကြက်ဥအရောင်းဆိုင်တွေမှာလည်း လူတွေ  တိုးကြိတ်ဝယ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

ဒဂုံမြို့သစ်မှာလည်း ကြက်ဥ တစ်လုံး ကျပ်  ၁၅၀ နဲ့ ၂၀၀ အကြား အလုံးအကြီးအသေးပေါ်မူတည်ဝယ်ရတယ်လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ ဒေသခံ တစ်ဦးက ပြော့ပါတယ်။

“အများကြီးတော့မရဘူး။ အရင်လိုတော့ ပေါပေါများများ ဝယ်မရဘူး။ လူတွေက မလိုဘဲစွတ်ဝယ်တာ။ အဲ့မှာဈေးလှုပ်တာပေါ့။ လှူချင်တဲ့သူတွေကအများကြီးဝယ်တယ်။ အလှူရှင်တွေများလာတော့ ဆိုင်မှာကုန်။ နောက်နေ့မှရမယ်ပြောတော့ ဝယ်တဲ့သူက မရမက လိုက်ရှာဝယ်အဲလိုဖြစ်နေတာ။ ” 

ဒိုင်တွေမှာလည်း အဝယ်များလို့ ကြက်ဥ လိုသလောက်မရတော့ဘဲ တိုကင်စနစ်နဲ့ ရောင်းချပေးနေတယ်လို့ ကြက်ဥ ဘဲဥ ရောင်းဝယ်သူတွေက ပြောပါတယ်။

“တိုကင်ပေးပြီး ရှိသလောက်ကို ရောင်းပေးတယ်။ ယူနေကျဖောက်သည်တွေကိုပဲ ပေးတာပါ။ နယ်က ဖောက်သည်တွေကိုတော့ သူတို့မှာတဲ့အတိုင်း ပို့ပေးတယ်” လို့ စော်ဘွားကြီးကုန်း ကြက်ဥဒိုင်တခုက ပြောပါတယ်။

ကြက်ဥဈေးဟာ ဒီရက်ပိုင်းမှာ နေ့တိုင်းတက်လာနေပြီး အရင်ပုံမှန်ဈေးထက် ၁၆ ကျပ်လောက်အထိ ပိုတက်သွားပါတယ်။

“ကီလို ၂၀ (ကြက်ဥအလုံး ၃၀၀ ကို ကီလို ၂၀ အရွယ်အစား)ကို ဟိုတနေ့က တလုံး ၁၀၂ ကျပ်၊ မနေ့က ၁၃၀၊ ဒီနေ့ ၁၃၆ ကျပ်ဖြစ်သွားပြီ။ ဒါတောင် ဒိုင်ကို ဖုန်းဆက်လို့မရဘူးဖြစ်နေတယ်။ ထပ်မှာလို့မရသေးဘူး။ ပုံမှန်က ၁၀၀၊ ၁၀၂ ကျပ်ဝန်းကျင်ပဲ ရှိတာ” လို့ နယ် ကုန်သည်တယောက်က ပြောပါတယ်။

ဒိုင်မှာဖောက်သည်ဈေး ၁၆ ကျပ်လောက်ပဲ တက်သွားပေမဲ့ ရပ်ကွက်ထဲက ဆိုင်တွေနဲ့ တချို့ အွန်လိုင်းကနေ ရောင်းချသူတွေဆီမှာတော့ ကြက်ဥ တလုံးကို ကျပ် ၃၀၀ အထိ ဈေးတွေ မြင့်တက်သွားတာပါ။

ဒါကြောင့် ကြက်ခြံတချို့က အသက်သာဆုံးဈေးတွေနဲ့ စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းနိုင်ဖို့ စီစဉ်လာတာကိုလည်း တွေ့ရပါတယ်။

“အခုကတော့ အော်ဒါပြည့်သွားပါပြီ။ အလုံး ၆၀၀၀ ရမှာပါ။ ကီလို ၂၀ အရွယ် အလုံးကြီးဆိုဒ်ကို တလုံး ကျပ် ၁၅၀ နဲ့ ရောင်းပေးတာပါ။ တယောက်ကို အလုံး ၃၀၀ ပဲ အများဆုံးရောင်းတာပါ” လို့ ရွှေပေါက်ကံက ကြက်ခြံပိုင်ရှင်တယောက်က ဆိုပါတယ်။

ဘဲဥဈေးကတော့ ပုံမှန်အတိုင်းရှိပြီး   ကီလို ၂၀ အရွယ် တလုံးကို ကျပ်  ၁၀၀ ကျပ်ဝန်းကျင်၊ ၂၃ ကီလိုအရွယ်တလုံးကို  ကျပ်  ၁၂၄ ကျပ်ဝန်းကျင်နဲ့ ဒိုင်တွေကနေ ဖောက်သည်ပေးနေတာပါ။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၀၄၇ ယောက်၊ သေဆုံးသူ ၁၀၉ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၁,၂၇၄ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအများစုဟာ စစ်ကောင်စီနဲ့ ဆေးရုံတွေကိုအယုံအကြည်မရှိတဲ့အတွက်  နေအိမ်တွေမှာဘဲ ဆေးကုသမှုခံယူနေကြသလို ရောဂါ မဖြစ်သေးသူတွေဟာလည်း ဗီတာမင်ဆေးတွေနဲ့ ခွန်အားရှိတဲ့ အစားအစာတွေ စားသောက်ပြီး ကြိုတင်ကာကွယ်နေကြတာဖြစ်ပါတယ်။ 

မြန်မာပြည်တွင်း စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာမှာ အခုလက်ရှိ ကိုဗစ် တတိယလှိုင်းကာလမှာ ကုန်ဈေးနှုန်းတွေ ပိုမို မြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013