
မြန်မာပြည်တွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး ပြည်သူတွေ ကြက်ဥတလုံး၊ လက်ဖက်ရည်တခွက်၊ ထမင်းတနပ်အတွက် ချင့်ချိန်နေရချိန်မှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ ပြည့်မိန့်ခွန်းမှာ အာကာသအိပ်မက်ကို အကောင်ထည်ဖော်သွားမဲ့ အကြောင်း ထပ်ပြောပြန်ပါတယ်။
စစ်အာဏာရှင်ရဲ့ အာကာသအိပ်မက်က ပြည်သူတွေ လက်တွေ့ကြုံနေရတဲ့ ပကတိ အခြေအနေ တွေနဲ့ ကင်းကွာနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က အစိုးရ ရက် ၁၀၀ ပြည့်မိန့်ခွန်းမှာ မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ ပေါင်းပြီး မြန်မာနိုင်ငံပိုင် ဂြိုဟ်တုကို လွှင့်တင်သွားဖို့ စီစဉ်နေသလို အာကာသယာဉ်မှူးလောင်းတွေ ကို ရုရှားနဲ့ ပူးပေါင်း လေ့ကျင့်ပေးနေကြောင်းနဲ့ မြန်မာနိုင်ငံသားတယောက် နိုင်ငံတကာအာကာသ စခန်းမှာ အလုပ်လုပ်နိုင်ဖို့ မျှော်မှန်းနေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကြက်ဥတလုံး ကျပ် ၇၀၀၊ လက်ဖက်ရည်တခွက် ကျပ် ၃,၀၀၀ နားကပ်လာလို့ အခြေခံပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရချိန် စစ်အာဏာရှင် ခေါင်းဆောင်ကတော့ အကုန်အကျများပြီး အချိန်ယူရနိုင်မဲ့ အာကာသအိပ်မက်ကို အကောင်အထည် ဖော်သွားမယ်လို့ အခိုင်အမာဆိုပါတယ်။
ဒါဟာ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ လူတစုစာ အကျိုးစီးပွားအတွက် အတ္တဆန်တဲ့ ကြိုးပမ်းမှု တွေကို လုပ်ဆောင်နေတာလို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ကိုရေဘဝဲက သုံးသပ်ပြောပါတယ်။
“ကြက်ဥဈေးနှုန်းတွေ၊ ကုန်ဈေးနှုန်းတွေ၊ ဆီတွေ၊ တခြားသော ထုတ်ကုန်ပစ္စည်းတွေ အစစအရာရာ တက်လာတယ်။ ပြည်သူတွေရဲ့ အသံကိုလည်း လျစ်လျူရှုထားတယ်။ ဒီလိုတွေ ဖြစ်နေတာတောင်မှ စစ်အုပ်စုအနေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုထားပြီးတာ့ သူ့ကို အသိအမှတ်ပြုတဲ့၊ ပြုနေဆဲ၊ ပြုဖို့ရှိနေတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့ အာကာသနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါတွေအပြင် တခြားသော လုပ်ဆောင်မှုတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ အမျိုးမျိုး ရှိလာရှိလာ နိုင်ငံသူနိုင်ငံသား ပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခတွေရဲ့ ပကတိ အရှိတရားတွေကို မျက်ကွယ်ပြုပြီးတော့ သူ့ကို နိုင်ငံတကာ၊ အာဆီယံက အသိအမှတ်ပြုဖို့ တကိုယ်စာ၊ အုပ်စုတကိုယ်စာ အတ္တနဲ့ ကြိုးစားနေတာက ထင်ရှားပါတယ်။ ဒါကိုလည်း လူထုရော တော်လှန်ရေး အင်အားစုတွေရောက သိရှိပြီးသား ဖြစ်ပါတယ်။”
ရန်ကုန်မြို့ဒေသခံ အိမ်ရှင်မတယောက်ကလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး ငွေကြေးတွေ ဖောင်းပွနေတဲ့ ပြဿနာကိုတော့ အရင်မဖြေရှင်းဘဲ အဓိပ္ပာယ်မရှိတာတွေကို လုပ်ဆောင်နေတယ်လို့ ဝေဖန်ပါတယ်။
ရန်ကုန်မြို့ဒေသခံ အိမ်ရှင်မတယောက်က “အမှန်တကယ်က ဒါက အဓိပ္ပာယ်မရှိဘူးလေ။ သူက နိုင်ငံတကာက သူ့ကို ချီးကျူးမယ်ထင်ပြီးတော့ လျှောက်ပြီး လုပ်ပြနေတာ။ အဆင့်မြင့်တွေ ဘာတွေ၊ အဆင့်မြင့်ဖို့နေနေသာသာ လူတွေက ဟိုးအောက်ဆုံးကျနေတာ။ ဘာတွေ လျှောက်လုပ် နေတာလဲ မသိဘူး။ အခု တော်တော် ဒုက္ခရောက်နေတာ။ ရေတွေကလည်း ကြီး၊ အစားအသောက် တွေကလည်း ရှားပါး၊ ဒီကြားထဲ ပိုက်ဆံတွေက ဖောင်းပွ။ ကုန်ဈေးနှုန်းတွေ အရမ်းတက်တော့လေ ပိုက်ဆံမလောက်ဘူး။ အရမ်းချွေတာသုံးရတာ၊ တော်တော်ချွေတာသုံးရတာ” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မမှန်တာ၊ အင်တာနက်လိုင်းတွေ မကြာခဏ ဖြတ်တောက်ခံ ရတာနဲ့ မြန်နှုန်းနှေးကွေးတာတွေကို ဒစ်ဂျစ်တယ်နယ်ပယ်မှာ လုပ်ကိုင်နေသူတွေ ကြုံတွေ့ နေကြပါတယ်။
ဒါ့အပြင် အင်တာနက် ဖြတ်တောက်ပြီးတော့ နိုင်ငံတဝန်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် တာတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ စစ်အာဏာရှင်က ဂြိုဟ်တုနည်းပညာနဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းတွေ တည်ဆောက်နေပြီး အာကာသဆက်သွယ်ရေးတွေ လုပ်ဆောင်နေတယ်ဆိုတာက လက်တွေ့နဲ့ ကွာဟနေတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။
အခြေခံလူ့အခွင့်အရေးဆိုင်ရာတွေကို လေးစားလိုက်နာခြင်း မရှိဘဲ အထွေထွေဖိနှိပ်မှုတွေ လုပ်နေပြီးတော့ ဒီစနစ်တခုကို ကျင့်သုံးလာဖို့ လုပ်လာတာက လက်တွေ့နဲ့ ကွာဟနေသလို ဖိနှိပ်ရေး ယန္တရားကို တည်ဆောက်ဖို့အတွက် ပိုမိုတိုးမြှင့်လာမလားဆိုတဲ့ သံသယစိတ်တွေ ဖြစ်ပေါ်စေတယ် လို့လည်း ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူတွေက သုံးသပ်ကြတာပါ။
စစ်အာဏာရှင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာနိုင်ငံ တနိုင်ငံ ဖြစ်လာနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Nano Satellite တွေ တည်ဆောက်နိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး အာကာသယာဉ်မှူးပေါ်ထွန်းလာရေးတွေကို ဆက်လက်အိပ်မက် မက် နေပါတယ်။
တဖက်မှာတော့ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့် မြန်မာနိုင်ငံက ဝင်ငွေနည်းမိသားစုတွေဟာ ထမင်းနဲ့ ဟင်း လျှော့စားတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနေရပါတယ်။
မြတ်သဇင်










