
မြန်မာပြည်တွင်းမှာ ကြက်ပေါက်ဈေးမြင့်ပြီး ဂိတ်ကြေးတွေ၊ သယ်ယူစရိတ်တွေ များတာကြောင့် ဥစားကြက်မွေးမြူရေးသမားတွေ အရှုံးပေါ်နေပြီး ကြက်ခြံတွေ ပိတ်လိုက်ရဖို့အထိ ဖြစ်လာနေတယ်လို့ ကြက်မွေးမြူရေးလုပ်သူတွေက ပြောပါတယ်။
ရန်ကုန်မှာ ကြက်ဥတလုံး ကျပ် ၇၀၀ အထိဖြစ်လာပြီး ဈေးတွေ ပြန်တက်လာလို့ တနိုင်ငံလုံး လှုပ်ခတ်နေကြပေမဲ့ ဥစားကြက်မွေးမြူရေးသမားတွေကတော့ ကြက်ဥတလုံးကို ကျပ် ၄၃၀ ဝန်းကျင်ပဲ ရလို့ အရှုံးပေါ်နေပါတယ်။
တောင်ကြီးမြို့က ဥစားကြက်မွေးသူတယောက်က “ရောင်းရတဲ့ ပိုက်ဆံပေါ့။ ရောင်းရတဲ့ ပိုက်ဆံက ၄၃၆ ကျပ် ပဲရတယ်ဗျ။ အမှန်ကတော့ ဒီလိုရှိတယ်ဗျ၊ ပွဲစားတွေ အနေထား၊ ကုမ္ပဏီအနေထားတွေက မတရားကြီးပေါင်း ကားခဈေးတွေက တက်နေလို့သာပေါ့။ ဒီအနေထားမျိုးနဲ့သာဆိုရင် အနည်းဆုံး ကြက်ဥတလုံးကို ၅၀၀ လောက် ဆိုရင်တော့ အကိုက်တော့ ဖြစ်တာပေါ့ဗျာ။ ကြက်ဥတလုံးကိုလေ။ ပျမ်းမျှနှုန်း၊ ပျမ်းမျှနှုန်းပေါ့။ ငယ်ငယ် ကြီးကြီး။ ကျနော်တို့ဒီမှာတင် ကြက်ဥတလုံးကို ၅၀၀ လောက်မှသာ အဆင်ပြေမှာဗျ။ အမှန်ကတော့ ဟုတ်တယ်ဗျ။ ကြက်စာဈေးအတိုင်းအတာကြီးက အတော်ကြီးမြင့်တက်နေတာ ဖြစ်တယ်။ ကြက်စာတလုံးကို ဒီမှာက တပိဿာကို ၃,၀၀၀ ကျော်လောက်ဖြစ်နေတာ၊ ၃,၄၀၀၊ ကြက်စာတလုံးကို ၁ သိန်းလောက်ရှိနေတာ။ ကြက်ဥတတွဲက ၁ သိန်းကျော်ပဲရတာဗျ” လို့ ပြောပါတယ်။
၂၀၂၁ ခု စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စည်နဲ့ စားသုံးသူ ကွင်းဆက်တလျှောက်မှာ အရင်ဆုံး ထုတ်လုပ်သူဖြစ်တဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူတွေ၊ ကြက်ဥ၊ သားငါး၊ နို့ထုတ်လုပ်သူ မွေးမြူရေး တောင်သူတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်၊ ပိုးမွှားရောဂါနဲ့ ရာသီဥတုဆိုးရွားတဲ့ဒဏ်၊ စစ်ရေးကြောင့် လုပ်ငန်းခွင်ကောင်းကောင်းမဝင်နိုင်တာ၊ ဂိတ်ကြေးကြောင့် ကုန်ကျစရိတ် ကြီးမြင့်တဲ့ဒဏ်တွေကို ခါးစည်းခံလာကြရတာဖြစ်ပါတယ်။
ဒီလိုအခြေနေတွေမှာ ဥစားကြက်မွေးသူတွေဆီကနေ တဆင့်ပြန်ဝယ်တဲ့ ကုန်သည်ပွဲစား ကုမ္ပဏီအများစုက မွေးသူတွေရဲ့ ဒုက္ခကို မျှဝေခံစားနိုင်တာမရှိဘဲ တက်လာတဲ့ စရိတ်စကမှန်သမျှ မွေးမြူရေးသမားဆီက ဈေးနှိမ်ဝယ်ယူတဲ့ မိရိုးဖလာနည်းအတိုင်းပဲ ဆက်လက် ကျင့်သုံးနေကြတာပါ။
ဒါကြောင့် ကြက်ဥတလုံး ကျပ် ၅၀၀ ပေါက်ဈေးရှိမှ လုပ်သာကိုင်သာရှိမဲ့ မွေးမြူရေးသမားဟာ အရှုံးပြနေပြီး ဆက်လက် မွေးမြူထုတ်လုပ်ဖို့ ခက်ခဲလာပါတယ်။
ကြက်မွေးမြူသူတယောက်က “လုပ်ရတာက ခက်တာက စက်ရုံကထုတ်တဲ့ ကိစ္စတွေမဟုတ်ဘူးကွာ။ သဘောတခုက သက်ရှိတွေနဲ့ လုပ်ရတဲ့အခါကျတော့ ခုဏပြောသလို ရောဂါကျတယ်လို့ ပြောသံကြားရင် ခြံသမားတချို့ကလည်း ရောဂါကျလို့ သေသွားရင် ပိုက်ဆံတပြားမှ မရတော့ဘူးလေ။ အဲဒီတော့ ရောဂါမကျရင် ဥစားကြက်ပေမဲ့ ဒီတိုင်း အသားဈေးနဲ့ရောင်းလိုက်ရင် ပိုက်ဆံရမှာဆိုတော့ အဲဒီလိုမျိုးကြောက်လို့ ထုတ်ရောင်းတဲ့ ကြက်အရေတွက်က တော်တော်များသွားတယ်လို့ ထင်ရတယ်။ အဲဒါကြောင့် အဲဒီဥနှုန်းတွေက ဥတဲ့အရေအတွက် ကျသွားတယ်။ ကျောင်းဖွင့်တဲ့အခါကျတော့ ကျောင်းဖွင့်တဲ့ရာသီမို့လို့ Demand က များသွားတော့ Demand နဲ့ Supply ပဲပေါ့၊ နောက်ဆုံးတော့ ဒါပါပဲ” လို့ ပြောပါတယ်။
ကြက်ဥဈေးတက်ရတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်က ကြက်ဥတောင်သူတွေရဲ့ အခက်အခဲတွေဖြစ်တဲ့ မွေးမြူရေး လုပ်ငန်းသုံးဆေးဝါးတွေ သွင်းကုန်ကန့်သတ်တဲ့ မူဝါဒတွေကြောင့် တင်သွင်းလို့မရဘဲ ခက်ခဲနေတာ၊ အရည်အသွေးရှိတဲ့ တိရစ္ဆာန်အစာမလုံလောက်တာ စတဲ့ အခက်အခဲတွေကို စစ်အာဏာရှင် အစိုးရကို ပြောဆိုရှင်းလင်းခဲ့ပေမဲ့ အကြောင်းမထူးခဲ့တာကြောင့် ၂၀၂၆ ဇူလိုင်လမှာ ကြက်ဥ ပြတ်လပ်ပြီး ဈေးမြင့်တဲ့ဒဏ်ကို ခံစားလာရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကြက်ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေအပြင် ပုံမှန်ကျန်းမာကြံ့ခိုင်နေအောင် တိုက်ကျွေးရတဲ့ ဆေးတွေကို တင်သွင်းခွင့်ကန့်သတ်ထားတာကြောင့်လည်း ပြီးခဲ့တဲ့လပိုင်းက ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ ၁ သိန်းနီးပါး သေကျေပျက်စီးချိန်မှာ ကြက်တွေ နောက်ထပ်သေကြေလာမှာစိုးလို့ ဥနေတဲ့ ကြက်မတွေကို အသားစားကြက် ဈေးကွက်ကို ထုတ်ရောင်းခဲ့တာတွေ ရှိပါတယ်။
ကြက်မွေးမြူသူတယောက်က “ကြက်သေတယ်လို့ မဟုတ်ဘူး။ ကြက်ကိုကြောက်ပြီးတော့ Panic နဲ့ရောင်းတာ။ သေတယ်ဆိုတာ ထက်လေ။ အဲဒီလိုမျိုး။ ကျတယ်၊ တရားဝင်ကတော့ အကောင် လေး ငါး ခြောက်သောင်းလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီလိုပေါ့၊ ကြက်တွေ ရောဂါကျလို့ သေတယ်၊ အစိုးရကလည်း ဌာနကလည်း တရားဝင် သွားပြီးတော့ ရှင်းလင်းတယ်၊ Disease Control (ရောဂါထိန်းချုပ်) လုပ်တယ်၊ အဲဒါကို ကြားတဲ့အခါကျတော့ ကြောက်ပြီးတော့ သူတို့အနီးနားက ခြံတွေက ရောဂါကျလို့သေရင် တပြားမှ မရတော့ဘူးလေကွယ်၊ အဲဒီတော့ ဥနေတဲ့ ကြက်တွေကို ထုတ်ရောင်းတာပေါ့၊ ဈေးကွက်ထဲကို၊ အဲဒီတော့ အကောင်ရေ လျော့သွားတာပေါ့။ အကောင်ရေ လျော့သွားတော့ ကြက်ဥတဲ့ဟာက နည်းသွားတာပေါ့။ အဲဒီတော့ Demand များတဲ့အချိန်နဲ့ ကျနေတဲ့အချိန်က ကွက်တိသွားဖြစ်တာပေါ့။ ဒါပေမဲ့ အခုက DOC တွေလည်း စထွက်ပါပြီ။ Layer ကလေ။ အဲဒီတော့ အချိန်လေးတခုတော့ စောင့်ရမှာပေါ့။ ပုံမှန်ပြန်ဖြစ်သွားမှာပေါ့” လို့ ပြောပါတယ်။
လတ်တလော ကြက်မွေးသူတွေ ရင်ဆိုင်နေရတာက သဘာဝဘေးအပြင် လူလုပ်ဘေးတွေကိုပါ သမိုင်းတလျှောက် အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာဖြစ်လို့ ကြက်ခြံတွေ ဖြုတ်လာကြသလို တောင့်ခံဆက်မွေးနေတဲ့ တောင်သူတွေမှာလည်း မွေးမြူနိုင်တဲ့ ကြက်ကောင်ရေပမာဏက ထက်ဝက်မက ကျဆင်းလာပြီး လုပ်သာကိုင်သာ ရှိ၊ မရှိ အခြေအနေ ဖြစ်လာတယ်လို့ ကြက်မွေးမြူရေး လုပ်ငန်းရှင်တယောက် ပြောပါတယ်။
“ငွေပမာဏတွေက တက်လာတယ်။ တက်လာတော့ ကြက် ၁,၀၀၀ ရင်းရမဲ့ဟာက ကျနော်တို့က ၅၀၀ ပဲ ကိုင်နိုင်တာပေါ့ဗျာ။ လျော့ကုန်တာပေါ့။ ပမာဏတွေက ကြီးလာတော့ ကျနော်တို့ ကြက်တကောင် မွေးမယ်ဆိုရင် နဂိုတုန်းက ကျပ် ၁၅,၀၀၀ လောက်ကျတာကိုး၊ ဥအထိအောင်၊ အခုကျတော့ ကြက်တကောင်ကို ကျပ် ၂၇,၀၀၀ လောက်ကျသွားပြီဆိုတော့ ငွေပမာဏတွေက ဆုံးရှုံးမှုအတိုင်းအတာများရင် မတရားရှုံးကြတာဆိုတော့ လျှော့ပြီးတော့ မွေးကြတာပေါ့ဗျာ။ နောက်ကျတော့ ကြက်စာဈေးအတိုင်းသာ တက်နေတာ၊ ကြက်ဥဈေးအတိုင်းအတာက အတက်ကျပဲ ရှိတာကိုး၊ တက်လိုက် ကျလိုက်ပဲ လုပ်နေတာ။ ကြက်စာဈေးက တက်ပြီးရင် မကျတော့ဘူး။ မကျတော့ သူတို့က ကိုက်တဲ့လက တနှစ်မှာ ကိုက်တဲ့လက ၆ လ၊ မကိုက်တဲ့လက ၆ လဆိုတော့ သူတို့ ရှုံးကြတာပေါ့။ အဲဒါဆိုတော့ ရှုံးမှာကြောက်တော့ မမွေးတဲ့လူတွေလည်း ရှိတယ်ဗျ။”
ဒါကြောင့် အဓိကကျတဲ့ ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေမှာ လတ်တလော ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး ထုတ်လုပ်မှုတွေ ရပ်ဆိုင်းလာဖို့ရှိသလို ကြက်ဥဈေးက ကျပ် ၇၀၀ မကပဲ ကျပ် ၁,၅၀၀ အထိမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ၂၀၂၄ ခုနှစ်ကတည်းက ခန့်မှန်းထားကြပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ဥစားကြက်ကောင်ရေ စုစုပေါင်း ၃ သန်းနီးပါး မွေးမြူထားတယ်လို့ စစ်အာဏာရှင်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။










