
ရန်ကုန်က ဈေးတချို့မှာ ကြက်ဥတလုံးကို ကျပ် ၅၅၀ နဲ့ ရောင်းပေးမယ်လို့ မွေးမြူရေးလုပ်ငန်းရှင်အသင်းနဲ့ ကြက်ဥ/ဘဲဥ ရောင်းဝယ်သူအစုအဖွဲ့တွေက ကြေညာထားပေမဲ့ လူတိုင်းစေ့ ဝယ်ယူလို့ မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေအပြင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းတွေလည်း အခုရက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာတာကြောင့် ဝင်ငွေထွက်ငွေ မမျှတမှုကို ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းက ကြက်ဥတလုံး ကျပ် ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်သာ ရှိခဲ့ရာက အခုရက်ပိုင်းမှာ ကြက်ဥတလုံးကို ကျပ် ၇၀၀ ဝန်းကျင်အထိ စံချိန်တင် ဈေးမြင့်တက်လာခဲ့တာပါ။
ဒီအခြေအနေမှာ ရန်ကုန်က ဈေးတချို့မှာ ကြက်ဥတလုံးကို ကျပ် ၅၅၀ နဲ့ ရောင်းပေးမယ်လို့ မွေးမြူရေးလုပ်ငန်ရှင်အသင်းနဲ့ ကြက်ဥ/ဘဲဥ ရောင်းဝယ်သူအစုအဖွဲ့တွေက ကြေညာထားတာပါ။
ဒါပေမဲ့ လက်တွေ့မှာတော့ လူတိုင်းစေ့ ဝယ်ယူမရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာကို ပြည်သူတွေ ကြုံတွေ့ခဲ့ရပြီး တက်ပြီးသား ဈေးနှုန်းတွေဟာ သိသိသာသာ ပြန်ကျသွားတာကို မတွေ့ရဘဲ ထပ်ဆင့်သာ မြင့်တက်လာနေတာပါ။
ဒါပေမဲ့ တဖက်မှာ ပြည်သူတွေရဲ့ လုပ်ခလစာတွေ၊ နေ့စဉ်ပုံမှန်ဝင်ငွေတွေဟာ တိုးမြင့်လာတာမရှိဘဲ မူလအတိုင်းသာ ရှိနေတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ဝက်သား၊ ကြက်သားနဲ့ အမဲသားဈေးတွေဟာလည်း တပိဿာကို ကျပ် ၂၅,၀၀၀ ဝန်းကျင်ကနေ ကျပ် ၄၀,၀၀၀ ၊ ၄၅,၀၀၀ အထိ အသီးသီးရှိကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ကြက်ဥဈေး မြင့်တက်မှုနဲ့ ပတ်သက်လို့ လူပြောများလာတာကြောင့် ကြက်ဥဈေးတွေချပြီး ရောင်းဖို့ စစ်အုပ်စုဘက်က မွေးမြူရေးလုပ်ငန်းရှင်တွေကို ဖိအားပေးလာပါတယ်။
ဒါ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်ဈေးတွေလည်း တဖြည်းဖြည်း တက်လာနေပြီး ပြည်သူတွေအနေနဲ့ ဝင်ငွေမလုံလောက်မှုတွေ ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ထိထိရောက်ရောက် ထိန်းချုပ်နိုင်တာ မတွေ့ရပါဘူး။
လက်ရှိမှာ အခြေခံပြည်သူတွေ အစားများတဲ့ ငစိန်ဆန်တပြည်ကို အရည်အသွေးပေါ် မူတည်ပြီး တပြည်ကို ကျပ် ၃,၅၀၀ ကနေ ၄,၀၀၀ ဝန်းကျင်ရှိနေပြီး သူ့ထက်ကောင်းတဲ့ ပေါ်ဆန်းဆန် အမျိုးအစားကတော့ တပြည်ကို ကျပ် ၇,၀၀၀ ဝန်းကျင်ကနေ ကျပ် ၉,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတာပါ။
ဒါ့အပြင် စားသုံးဆီဈေးနှုန်းဟာလည်း ပြင်ပဈေးကွက်မှာ တပိဿာကို ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ ရှိနေတဲ့အပြင် ကြက်သွန်တပိဿာကို ကျပ် ၆,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်လာပါတယ်။
တဖက်မှာလည်း အခုလိုမျိုး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ အစိုးရရဲ့ ပို့ကုန်သွင်းကုန် မူဝါဒ အလွဲအမှားတွေ၊ သယ်ယူစရိတ် ကြီးမြင့်မှုတွေနဲ့ သွင်းအားစုစရိတ် ကြီးမြင့်လာမှုတွေက စိန်ခေါ်မှုအဖြစ် ရှိနေတာပါ။
ဒါ့အပြင် ကြက်စာ၊ ဘဲစာ၊ ဝက်စာ၊ ငါးစာ စတဲ့ တိရစ္ဆာန်အစာ ဈေးနှုန်းတွေ မြင့်တက်နေတာကို မထိန်းချုပ်နိုင်တာက ဈေးကွက်အတွင်း သားငါးဈေးနဲ့ ကြက်ဥ/ဘဲဥ ဈေးနှုန်းတွေ မြင့်တက်ဖို့ တွန်းအားဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
စစ်အာဏာရှင်အစိုးရ အဆက်ဆက်ဟာ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း ကျဆင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းမရှိဘဲ ဈေးတက်လာတဲ့အခါမှာ ကုန်သည်တွေကို ဖမ်းဆီးတာ ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီတွေကို ဟန်ပြဖွဲ့စည်းတာတွေသာ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိ ၂၀၂၁ အာဏာသိမ်း စစ်အာဏာရှင်အစိုးရဟာလည်း ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာလို့ ပြည်သူတွေ ဆင်းရဲကျပ်တည်းနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ မျက်ကွယ်ပြုနေဆဲ ဖြစ်ပါတယ်။











