
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူအယောက် ၂၀ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့လယ် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တရားခံ တရုတ်နိုင်ငံသား ဝီဂါအမျိုးသား ၂ ယောက်ကို ဘန်ကောက်တောင်ပိုင်း ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ဇွန် ၁၁ ရက်မှာ သေဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၀ ကျော်အရွယ် တရားခံ ယူဆုဖု မိအာရိုင်လီနဲ့ ဘီလာ မိုဟာမက်တို့ဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လက ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဘုရားဖူးတွေ စည်ကားရာ ရာချာပရာဆွန်လမ်းဆုံက နတ်ကွန်းမှာ ကျောပိုးအိတ်အတွင်း ထည့်ထားတဲ့ ဗုံးကို လာရောက်ထောင်ခဲ့မှု၊ ကြိုတင်ကြံစည် လူသတ်မှု၊ လူသတ်ဖို့ ကြိုးပမ်းမှုတို့နဲ့ ပြစ်မှုထင်ရှားစီရင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၅ ယောက်နဲ့ ဟောင်ကောင်နိုင်ငံသား ၂ ယောက် အပါအဝင် လူပေါင်း ၂၀ သေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
တရားသူကြီး ၄ ယောက်ပါဝင်တဲ့ ခုံရုံးကတော့ "တရားခံတွေဟာ ဥပဒေများစွာကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတခုကို ကျူးလွန်ခဲ့တာကြောင့် ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကို ချမှတ်တယ်” လို့ စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။
ဒါပေမဲ့ တရားခံတွေကတော့ သူတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး သူတို့ရဲ့ ရှေ့နေဖြစ်သူက လည်း တရားခွင်စစ်ဆေးစဉ်အတွင်း တရားခံတွေအပေါ် ပြုမူဆက်ဆံခဲ့ပုံတွေအပါအဝင် တရားရုံး က ထည့်သွင်းစဉ်းစားခြင်းမရှိတဲ့ အချက်အလက်တွေ ရှိနေတာကြောင့် အယူခံ ဆက်လက် ဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရတာ၊ ဝီဂါဘာသာပြန် ရှေ့နေတယောက် မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာတွေကြောင့် ဆယ်စုနှစ်တခုနီးပါး ကြာမြင့်ခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်က ထိုင်းစစ်အစိုးရဟာ တရုတ်နိုင်ငံက တောင်းဆိုတဲ့အတိုင်း ဝီဂါမွတ်စလင် ၁၀၉ ယောက်ကို တရုတ်နိုင်ငံဆီ အဓမ္မပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခုဗုံးခွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဒါဟာ လက်စားချေတဲ့ လုပ်ရပ်တခု ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
မကြာသေးမီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့ သတိပေးကန့်ကွက်မှုတွေကြားကပဲ ထိုင်းအစိုးရဟာ ဝီဂါဒုက္ခသည် အယောက် ၄၀ ကို တရုတ်နိုင်ငံ ဆီ ထပ်မံလွှဲပြောင်းခဲ့ပါသေးတယ်။
Source:bangkokpost











