ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လူငယ် ၂ ဦးကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့ ကျောင်းလမ်းမှာ ဖုန်းဆိုင်ဖွင့်ထားတဲ့ နေအိမ်ကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက နေ့လယ် ၁ နာရီလောက်မှာ အင်အား ၂၀ လောက်နဲ့ လာဝိုင်းပြီး ဖမ်းခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အင်အား ၂၀ လောက်ရှိမယ် လာဝိုင်းတာ။ ဖုန်းပြင်တဲ့အိမ်က ညီအစ်ကို ၂ ယောက် ပါသွားတယ် ပြောတယ်။ ဘာလို့ဖမ်းတယ်တော့ မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူ ၂ ဦးဟာ ညီအစ်ကိုတဝမ်းကွဲတော်စပ်တဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီလက်နက်ကိုင်တွေက ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။