DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ဆယ်ကျော်သက် ချင်းလူငယ် ၄ ဦးအပါအဝင် ကျဆုံးပြည်သူ ၉၀၆ ဦး ရှိလာ
DVB
·
July 14, 2021
စစ်တပ်က ပစ်သတ်ခဲ့သည့် ဆယ်ကျော်သက် ချင်းလူငယ် ၄ ဦးအပါအဝင် ကျဆုံးပြည်သူ ၉၀၆ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲနီးပါးအကြာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၀၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၆၇၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၃၉ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ နယ်ခွဲ၊ နောင်ကသစ်ကျေးရွာက ဆယ်ကျော်သက် လူငယ် ၆ ယောက်ဟာ အနီးနား ကျေး ရွာကို သွားရောက်လည်ပတ်ပြီး အိမ်သို့ပြန်လာချိန် အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်ခဲ့ တာကြောင့် ၂ ယောက်ဟာ နေရာမှာတင် ကျဆုံးသွားခဲ့ပြီး ၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၁ ယောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ 

ဖမ်းဆီးခံခဲ့ရသူ ၃ ယောက်ထဲက ဝမ်းဗိုက်ကို ကျည်ထိမှန်ထားတဲ့ ၁ ယောက်ဟာ ဇူလိုင် ၁၂ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂ ယောက်ကတော့ ဖမ်းဆီး ထိန်းသိမ်း ခံထားရချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါ တယ်။ 

ကျဆုံးသွားခဲ့တဲ့ လူငယ် ၄ ယောက်ကတော့ အသက် ၂၃ နှစ်အရွယ် မောင်ငမ် ကျင်ပေါင်၊ အသက် ၁၆ နှစ်အရွယ် မောင်ဒိုခိုလာယ်၊ အသက် ၁၇ နှစ်အရွယ် မောင် မန်ဂိုးဟိုနဲ့ အသက် ၁၈ နှစ်အရွယ် မောင်ပေါင်ဂင်းမာန် တို့ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်အ လောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ဘူးလို့ လည်း သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013