
လောင်းရှည်ဘက် ကပစ ၂၅ ကနေတဆင့် ဖြည့်တင်းတဲ့ တပ်ကူတွေ ဆောမြို့ဆီ ရောက်ရှိ လာပြီးနောက် စစ်ရေးတင်းမာနေသလို စစ်အာဏာရှင်တပ်က ယောနယ်နဲ့ ချင်းပြည်တောင်ပိုင်းကို လေကြောင်းကနေ ဗုံးတွေ ထပ်မံကြဲချလာနေပါတယ်။
ယောနယ်ကို အခြေပြုပြီး ချင်းပြည်တောင်ပိုင်းကို လနဲ့ချီကြာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်က အခုတခါ လောင်းရှည်မြို့ဘက်ကနေ တပ်ကူအင်အားတွေ ဖြည့်တင်းနေတာပါ။
စက်တင်ဘာ ၁၂ ရက်မှာ လောင်းရှည် ကပစ ၂၅ ကနေ ထွက်ခွာလာပြီး ခန့်မှန်းအင်အား ၂၀၀ ဝန်းကျင်ပါတဲ့ အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၅ ရက်မှာတော့ ဆောမြို့ကို ဝင်ရောက် လာပါတယ်။
အဲကနေတဆင့် ချင်းပြည်နယ် ကန်ပက်လက်နဲ့ မင်းတပ်ဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ယောဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယောဒေသခံ စစ်ရေးရင်းမြစ်က “ခန့်မှန်းချေပေါ့။ ခန့်မှန်းချေဆိုပေမဲ့ မမှားပါဘူး။ ၂၀၀ လို့ပဲ ပြောပါတယ် ဒေသခံတွေကတော့။ အရင်ဆုံး ဆိပ်ဖြူ ကပစ ၂၁၊ ၂၂ ကနေ လောင်းရှည် ကပစ ၂၅ ကို ပို့တယ်။ အဲဒီ လောင်းရှည် ကပစ ၂၅ မှတဆင့် လောင်းရှည်မြို့ကို ဝင်လာတယ်ပေါ့။ အဲဒါပြီးတော့မှ ဆောကိုဝင်တာဗျ။ ကန်ပက်လက်ဘက်ကို ရည်ရွယ်မယ်။ လောလောဆယ်တော့ သီးကုန်းမှာလည်းပဲ အင်အားတချို့လောက်တော့ ချန်ထားတယ်။ ၁၀၀ လောက်တော့ ချန်ထားခဲ့သေးတယ်ဗျ” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ ပြည်သူ့စစ်မှုထမ်းလို့ခေါ်တဲ့ ပစတွေ အများစု ပါဝင်လာပြီး လမ်းမှာ စစ်သားတချို့ ထွက်ပြေးတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
ဒါ့အတူ စစ်အာဏာရှင်တပ်က ကျောက်ထုအခြေစိုက် ၃၆၈ တပ်နဲ့ ကြီးရွာတွေဆီ လေကြောင်း ကနေ ရိက္ခာချပေးနေခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကြောင်းရောက်လာပြီးနောက်ပိုင်း စစ်တပ်က ယောနယ်နဲ့ ချင်းတောင်ပိုင်းမှာ လေယာဉ်တွေ တောက်လျှောက်ဝဲနေခဲ့ပြီး စက်တင်ဘာ ၁၅ ရက် ညပိုင်းမှာတော့ မင်းတပ်မြို့နားက ပြည်သူ တွေရှိရာ နေရာဆီ ဗုံးကြဲချခဲ့ပေမဲ့ အထိအခိုက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
ချင်းတောင်ပိုင်းဒေသခံ အမျိုးသားတယောက်က “လေကြောင်းကတော့ မနေ့ညက ပြန်စလာတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေ။ တိုက်ပွဲနဲ့နီးတဲ့ ဒေသရွာတွေကတော့ စစ်ရှောင်နေရတယ်။ စစ်ကြောင်း ကတော့ ဆောကို တချို့ပဲ၀င်ပါသေးတယ်။ ဘယ်ကိုဦးတည်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အရင်က ရှောင်တဲ့သူတွေက နေရပ်မပြန်ကြသေးဘူး။ လေကြောင်းကတော့ အရင်ထက်ပိုပြီး သတိထားရတော့မယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာလည်း ကန်ပက်လက်နဲ့ မင်းတပ်မြို့ ဝန်းကျင်တွေအပြင် ဆောမြို့နယ်ထဲမှာလည်း လေယာဉ်ဝဲနေတဲ့အကြောင်း တခြား သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အတူ စစ်တပ်ဟာ အဲဒီနေရာတွေအပြင် ကျောက်ထု-ထီးလင်းကြားက ကြီးရွာမှာလည်း တပ်စွဲထားပြီး နေ့တိုင်း ထိတွေ့မှုရှိသလို သတ်ဖြတ်ခံရတာအပြင် အကြောင်းအမျိုးမျိုးကြောင့် ရွာထဲကျန်ခဲ့တဲ့ ဒေသခံ ၁၀ ယောက်ဝန်းကျင် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ဒ့ါအတူ ကျောက်ထုနားက ကံကြီးနဲ့ ရေရှင်ရွာတွေမှာလည်း နေရာယူထားပြီး နေရာတိုင်းမှာ စစ်ရေး ဆက်လက်တင်းမာနေတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။
စိုးသူအောင်











