DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေသည့် စစ်ကောင်စီကို NUG သတိပေး
DVB
·
July 13, 2021
ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေသည့် စစ်ကောင်စီကို NUG သတိပေး
Donate to DVB

လတ်တလော နိုင်ငံတဝန်း ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ် အသုံးချနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်၊ အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၁၃ ရက်စွဲနဲ့ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပြီး အကျဉ်းထောင်တွေမှာ ရောဂါကူးစက်ပြန့်ပွားသေဆုံးမှုတွေ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။

မြန်မာနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုတွေ ကြောက်ခမန်းလိလိ ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီက လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ မိမိအာဏာတည်မြဲရေး ကိုသာရှေးရှုပြီး ပြည်သူလူထုကို ဖိနှိပ်ရာမှာ ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ် အသုံးချနေတာကို တွေ့မြင်နေရတဲ့အပြင် လူ့အခွင့်အရေးတရပ်ဖြစ်တဲ့ လူတိုင်းလွတ်လပ်စွာ ဆေးကုသ ပိုင်ခွင့်ကိုလည်း နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးနေတာကို သက်သေသာဓက အမြောက်အမြားနဲ့တကွ တွေ့ရှိနေရကြောင်းလည်း ဖော်ပြထားပါ တယ်။

ပြည်သူလူထုအနေနဲ့ “ပြေးစရာ မြေမရှိ” ဆိုသလို စိတ်ဓာတ်လုံခြုံမှုမရှိဘဲ နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေရတာတွေကိုလည်း ကြားသိနေရပြီး ဒီ့ထက်ပိုဆိုးတာကတော့ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ ကူးစက်၊ သေဆုံးမှုနှုန်းတွေဟာ စိုးရမ်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်နေတာကို ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကတဆင့် သိရှိရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြီး ထိခိုက်သေဆုံးစေဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံအကျဉ်းသားတွေအနေနဲ့ ရောဂါကူးစက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ မဖြစ်ပွားစေဖို့နဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူရရှိနိုင်စေဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း NUG က သတိပေးထားပါတယ်။

အဲဒီလိုမဟုတ်ရင်တော့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမှာဖြစ်ပြီး လူမဆန်တဲ့ အဆိုပါလုပ်ရပ်တွေအတွက် ပြည်သူ့ဆန္ဒအရ တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများ တဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပြီး ရောဂါကူး စက်ခံရမှု အဆိုးဝါးဆုံး အခြေအနေတွေနဲ့အတူ အောက်ဆီဂျင်လိုအပ်တဲ့ ပြဿနာတွေနဲ့ လိုအပ်ချက်တွေ ရှိလာနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော အချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁ သိန်း ၉ သောင်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၉၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013