DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကိုမြင်တွေ့လိုဟု ထိုင်းအစိုးရပြော
DVB
·
July 13, 2021
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကိုမြင်တွေ့လိုဟု ထိုင်းအစိုးရပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကိုမြင်တွေ့လိုပြီး ပဋိပက္ခ အဆုံးသတ်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အထူးသဖြင့် အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)နဲ့ လက်တွဲလုပ်ဆောင်လိုတယ်လို့ ထိုင်းနိုင်ငံက အလေးအနက် ပြောကြားလိုက်ပါတယ်။

ထိုင်းအစိုးရ ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထာဏီးဆိုင်ရတ်  ထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်တဲ့ သဘောထားကို မီဒီယာတွေရဲ့ မေးမြန်းချက်အပေါ် ဖြေကြားသွားတာလို့ ဘန်ကောက်ပို့စ်ထိုင်းသတင်းမှာ ရေးပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ အကြမ်းဖက်မှုတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအဖြစ် ဖြစ်ပွားနေတာကို စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

အနီးကပ်ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးကိုမြင်တွေ့လိုကြောင်း၊ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဘုံနယ်နိမိတ် ကီလိုမီတာ ၂,၄၀၀ ကျော်ရှိတဲ့ လက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်တာကြောင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ထိုင်းနိုင်ငံက မကျေနပ်နိုင်ပါဘူးလို့ ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်နိုင်မယ်လို့ ထိုင်းနိုင်ငံက ယုံကြည်နေတယ်လို့လည်း သူက ပြောပါတယ်။ 

ဒါကြောင့် အာဆီယံအဖွဲ့ကနေ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်တာကို  ထိုင်းနိုင်ငံဟာ အမြန်ဆုံး မြင်တွေ့လိုပြီး၊ ဒါမှသာ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့  ဆွေးနွေးမှုတွေ စတင်နိုင်မယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံသက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးမှုမရှိရင် ကိုဗစ်-၁၉ ပြန့်ပွားမှု အပါအ၀င် လက်ရှိဖြစ်နေတဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှုပြဿနာတွေအတွက် ဆုံးဖြတ်ချက်ဟာ ထိရောက်မှာမဟုတ်ဘူးလို့လည်း မစ္စတာ ထာဏီးက ပြောပါတယ်။ 

အထူးသဖြင့် ပြည်သူ့ကျန်းမာရေးနယ်ပယ်မှာ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူပေါင်း များစွာအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး AHA Centre အနေနဲ့ အမြန်ဆုံးအကူအညီပေးမှုတွေ စတင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဆင့်မှာ ပြောကြားလိုက်ပါတယ်။ 

အစောပိုင်းတုန်းက မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို တားမြစ်ရေး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ်  မဲမပေးခဲ့ပဲ ကြားနေခဲ့လို့ ထိုင်းနိုင်ငံကို  ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။ 

နယ်စပ်ရှိဒုက္ခသည်တွေဆီ အကူအညီတွေပေးပို့ဖို့ တက်ကြွလှုပ်ရှားသူတွေကို ခွင့်မပြုခဲ့ဘဲ စစ်ကောင်စီကိုတော့ လျှို့ဝှက်ကူညီခဲ့လို့ လူသားချင်းစာနာမှု အကျပ်အတည်းတွေက ပိုပြီးဆိုးရွားလာနေတာကြောင့် အကူအညီပေးရေးအဖွဲ့တွေကလည်း ထိုင်းအစိုးရကို ဝေဖန်ခဲ့ကြပါတယ်။

REF- Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013