DVB Logo
Home
မြန်မာသတင်း
ဘဝမှာအကြိမ်ကြိမ်အခါခါ စစ်ဘေးရှောင်နေရတဲ့ အသက် ၉၅ နှစ်အရွယ် ကယန်းအဘွားအို
DVB
·
July 12, 2021
ဘဝမှာအကြိမ်ကြိမ်အခါခါ စစ်ဘေးရှောင်နေရတဲ့  အသက် ၉၅ နှစ်အရွယ် ကယန်းအဘွားအို
1 / 9
Donate to DVB

မြို့ပြနဲ့ အလှမ်းဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောတွေ၊ တောင်တွေ ကျောက်ဆောင်တွေထဲမှာ ဖြစ်သလို ယာယီတဲထိုးပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့ အသက် ၉၅ နှစ်ကျော်အရွယ် ကယန်းအဘွားအိုတစ်ဦးနဲ့ ဒီးမော့ဆိုဘက်က မိတ်ဆွေတွေဆီ ခြေကျင်လျှောက် ခရီးသွားရင်း တွေ့ဆုံဖြစ်ခဲ့တယ်။

အဘွားနေတဲ့  တဲငယ်လေးဟာ ၅ ပေအမြင့်လောက်သာ ရှိတဲ့ တဲပုလေးဖြစ်ပြီး ကျဉ်းလည်း အတော့်ကိုကျဉ်းလှတယ်။ ပကာသန ဘာမှမရှိ၊ တစ်ကိုယ်ရည်စာ သက်ကယ်မိုး ထရံကာတဲလေးမှာ  ကျောတစ်ခင်းစာ နားနေအိပ်စက်ဖို့နဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် နေရာလေးပဲရှိတယ်။

တဲလေးရဲ့ အပြင်ဘက် နေပူဆာမှာ ထမင်း‌‌ခြောက်နဲ့ ငရုတ်တောင့်လေးတွေ လှမ်းထားတယ်။ စစ်ဖြစ်လာလို့ ပြေးရရင် ထမင်းမချက်နိုင်ချိန် စားဖို့ အရေးပေါ် ရိက္ခာခြောက် ထင်ပါရဲ့

ကိုယ်ချင်းစာနာခဲ့ရတယ် ဆိုတဲ့ စကားအတိုင်းပဲ။ ဒီအဘွားအိုဟာ ဒုတိယကမ္ဘာစစ်တုန်းက အသက် ၁၀ နှစ်သမီးအရွယ်မှာ ပထမဦးဆုံးအကြိမ် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်။  အခု အသက် ၉၅ နှစ်ကျော်ရှိလာတဲ့အထိတိုင် စစ်ဘေး စစ်ဒဏ်ကိုခံနေရဆဲ။ 

အသက်တာမှာ ဘယ်နှကြိမ် ဘယ်နှခါ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရမှန်းကို မရေတွက်နိုင်တော့ဘူးတဲ့ဗျ။ အိုမင်းလာရင် မသန်တော့ဘူးဆိုတဲ့ စကားကို အဘွားက ပြက်ရယ်ပြုနေသလားပဲ။

လူ့သက်တမ်း နှစ် ၁၀၀ နီးပါးကပ်နေပြီဆိုပေမယ့် ကိုယ်တိုင်သွားလာ ရှာဖွေ ချက်ပြုတ် စားသောက်နိုင်တုန်းပဲဗျ။ ဘဝတလျှောက် ခံစားခဲ့ရတဲ့ လောကဒဏ်က အခုလို သန်မာနေအောင် သင်ကြားပေးလိုက်တာများလား။

အဘွားကိုယ်တိုင်ဖောက်တဲ့ ခေါင်ပူအိုးလေးကို ယူပြီး တစ်ငုံ‌လောက် မြည်းစမ်းကြည့်ဖြစ်ခဲ့တယ်။  စစ်မှန်တဲ့ ခေါင်စစ်စစ်ရဲ့ အရသာက သဘာဝတရားကြီးနဲ့ နီးစပ်စေတဲ့ တံခါးပေါက်ပဲ။

အဘွားက ခေါင်ရည်ရောင်းစားသူတော့  မဟုတ်ပါဘူး။ ရိုးရာ ခေါင်နဲ့ ဧည့်ဝတ်ပြုတာပါ။ ဆက်သောက်ချင်ပေမယ့် အဘွားရဲ့ လုပ်အားကို မပြုန်းတီးစေချင်ဘူး။ 

ဒီတော့ ငွေစငွေနလေးနဲ့ ဂါဝရပြုပြီး သောက်ဖို့ အိတ်ကပ်ထဲ နှိုက်ကြည့်တော့ မြန်မာကျပ်ငွေ ရာတန်တချို့က စပ်ဖြီးဖြီးနဲ့ ထွက်လာတယ်။ ငါအတော် ချမ်းသာနေပြီပဲ။ ကိုယ့်စိတ် ကိုယ်ဖြေလိုက်တယ်။ နှုတ်ဆက်စကားပြောပြီး အဘွားတဲရဲ့ အပြင်ကို ထွက်လာခဲ့တယ်။

ဒီဘွားလိုပဲ တခြားသော ယာယီတဲလေးတွေထဲမှာ အမေအိုတွေ။ အဘိုးအိုတွေ၊ မိခင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ၊ ကလေးသူငယ်တွေ၊ နာမကျန်းဖြစ်နေသူတွေ၊ မသန်စွမ်းတွေဟာ စစ်ဆင်ရေးနယ်မြေနဲ့ ဝေးရာ တောတွေ၊ တောင်တွေနဲ့ တောင်ယာတဲ‌လေးတွေမှာ အိုးအိမ်စွန့်ခွာပြီး ဖြစ်သလို နေထိုင်နေကြရတယ်။

သူတို့တွေဟာ မွေးရာပါနိုင်ငံသားတွေဆိုပေမယ့်  စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် နိုင်ငံသား အခွင့်အရေး ဘာတစ်ခုမှမရှိ၊ နေ့စဉ်စားသောက်နိုင်ဖို့ ရိက္ခာထောက်ပံ့မယ့်သူမရှိ၊ ကျန်းမာရေး စောက်ရှောက်ပေးမယ့်သူမရှိ။

ပြည်သူက ပြည်သူ့ကို မျှဝေ‌ပေးရင်း  တစ်ဘဝ တစ်ခန္ဓာအတွက် မနည်းရုန်းကန်နေကြရလေတယ်။

လူတိုင်း လူတိုင်း ကိုယ့်ရပ် ကိုယ်ရွာမှာ လုံခြုံတဲ့ ရှာဖွေစားသောက်မှုနဲ့ နွေးထွေးတဲ့အိမ်လေးကို ပြန်နေထိုင်ချင်ကြမှာ အမှန်ပါပဲ။

ကိုယ်လည်း ကိုယ့်ဇာတိ လားရှိုးမြို့‌လေးကို လွမ်းလှပြီ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013