
ကမ္ဘာ့အရှေ့အလယ်ပိုင်း အကျပ်အတည်းနဲ့ ပြည်တွင်းပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်လာနေပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် နေ့စဉ် စားဝတ်နေရေး ပိုမိုခက်ခဲလာနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ နိုင်ငံတဝန်း စက်သုံးဆီဈေးနှုန်းတွေက ပျမ်းမျှ ၃ ဆအထိ မြင့်တက်လာခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးတွေကလည်း ဒေသတော်တော်များများမှာ သိသိသာသာ မြင့်တက်လာကြောင်း သိရပါတယ်။
အထူးသဖြင့်ကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကုန်ဈေးနှုန်းမြင့်တက်မှုက ပိုမိုပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။
WFP က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ တနိုင်ငံလုံး ပျမ်းမျှ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး မကွေးတိုင်းမှာ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေကြောင်း သိရပါတယ်။
ကရင်ပြည်နယ်မှာက ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာတော့ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၂ ဒသမ ၄ သန်းလောက်က ဆာလောင်မွတ်သိပ်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူ ၃ ဒသမ ၇ သန်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
ဝင်ငွေနည်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ အခြေအနေမှာ ကုန်ဈေးနှုန်းမြင့်တက်မှုက မိသားစုတွေအတွက် အခြေခံစားသောက်ကုန်တွေကိုပဲ ဝယ်ယူဖို့ ခက်ခဲလာစေကြောင်း WFP က သတိပေး ထုတ်ပြန်ထားပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်းအကြောင်းရင်းတွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာလည်း ဈေးဆိုင်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက်သက်ရောက်လာနေပြီ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် တဖက်မှာလည်း ဓာတ်မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ရရှိနိုင်မှု အကန့်အသတ် ရှိလာတာတွေကြောင့် တောင်သူတွေအနေနဲ့ မြေဩဇာအသုံးပြုမှု လျှော့ချလာကြပြီး မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းမယ်ဆိုရင် နိုင်ငံတဝန်း စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်းကိုလည်း သတိပေးထားပါတယ်။
ဥရောပသမဂ္ဂ EU က WFP ကနေတဆင့် ယူရို ၈ သန်း ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး ပဋိပက္ခနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေကြောင့် ထိခိုက်နေတဲ့ မိသားစုတွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ဆက်လက်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။











