DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်းဆိုတာ
DVB
·
July 10, 2021
ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်းဆိုတာ
Donate to DVB

ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်သူတွေကို ကျန်းမာရေး မေးခွန်းလေးတွေ မေးတဲ့အခါ အရင်က ဓာတ်မတည့်တဲ့ ပြဿနာရှိသလားဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူနာတွေက ဓာတ်မတည့်ရင် လုံးဝမထိုးရဘူးလားဆိုတာလည်း မေးကြသလို၊ ဆေးထိုးပြီးမှ ဓာတ်မတည့်ရင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း မေးကြပါတယ်။ ဓာတ်မတည့်ခြင်း က ဒီလောက်ကြောက်ဖို့ကောင်းလား။

ဓာတ်မတည့်ခြင်း ဆိုသည်မှာ

ဓာတ်မတည့်ဘူးဆိုတာက တစ်ယောက်ခြင်းစီရဲ့ ခုခံအားနဲ့ ဆိုင်တဲ့ ပြဿနာပါ။ ဒီဆေးပဲ ထိုးတယ်၊ သောက်တယ်။ သူကမတည့်ဘူး။ ကိုယ်က တည့်တယ် ဒီလိုမျိုးပါ။ ဓာတ်မတည့်ခြင်းဆိုတာက ဘာနဲ့မဆို ဖြစ်နိုင်ပါတယ်။ ဆေးဝါးတွေ၊ အစားအစာတွေ၊ ရှူသွင်းမိတဲ့ အမှုန်အမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။တချို့ကလည်း ကိုယ်နဲ့ ဘာမတည့်တာလည်း ဆိုတာ သိကြပါတယ်။ တချို့ကလည်း မသိကြပါဘူး။

ဓာတ်မတည့်ခြင်း ခံစားရပြီဆိုရင် လူနာက အကောင်းကြီးကနေ ရုတ်တရက် အသက်ရှူကျပ်လာတာ၊ မောလာတာ၊ အသားတွေ ယားလာတာ၊ သွေးပေါင်တွေ ကျလာပြီး မူးလာတာ၊ အန်တာ စတာတွေ ခံစားရပါတယ်။ ဒါက အရေးပေါ်အခြေအနေပါ။ ဖြေဆေးအမြန်ထိုးနိုင်မှ အသက်အန္တရာယ်က လွတ်မှာပါ။

တချို့က ဒီလောက်ထိ ဆိုးဆိုးရွားရွား မဟုတ်ဘဲ ယားတာ၊ အပိန့်ထွက်တာ၊ အန်တာလောက်နဲ့ပဲ ပြီးသွားပါတယ်။ ဒါကို အရပ်ထဲမှာ အသားယားလို့ ဘာမီတွန်သောက်တယ်ဆိုပြီး အသိများကြပါတယ်။ တကယ်တမ်း အပေါ်ကလို သွေးပေါင်တွေကျတဲ့အခြေအနေဆိုရင်တော့ ဘာမီတွန်နဲ့ မရဘဲ ဆေးရုံသွားမှ ရမှာပါ။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကိုဗစ်ကာကွယ်ဆေးက ဓာတ်မတည့်ခြင်း ဖြစ်နိုင်သလား။

ကိုဗစ်ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ ဘယ်ဆေးမဆို ဖြစ်နိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးမှာလည်း ခုထိုးပေးနေတဲ့ အိန္ဒိယက Covishieldအပြင် တခြားဘယ်ကာကွယ်ဆေးမဆို ဖြစ်နိုင်တယ်။ ဘယ်သူမဆို ဖြစ်နိုင်တယ်လို့ သိထားရပါမယ်။

ဓာတ်မတည့်ခြင်း ဖြစ်မဖြစ် ကြိုမသိနိုင်ဘူးလား။

ပိုးသတ်ဆေးတွေ ထိုးမယ်ဆိုရင် test doseဆိုတဲ့ အရေပြားအောက်ကို ဆေးသွင်းပြီး ဆေးစမ်းလေ့ရှိပါတယ်။ ဆေးစမ်းပြီး လူနာက မောလာရင် ဒါမှမဟုတ် စမ်းတဲ့နေရာမှာ ယားလာရင်၊ အဖုအပိမ့်တွေ ထွက်လာရင် မတည့်ဘူးလို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဒါကလည်း အလုံးစုံ စိတ်မချရသေးပါဘူး။ ဆေးစမ်းတုန်းက ဘာမှမဖြစ်ဘဲ ထိုးမှ ဓာတ်မတည့်တာ ထဖြစ်တာမျိုးလည်း ရှိပါတယ်။

ကာကွယ်ဆေးမှာတော့ ထိုးရတဲ့ပမာဏက ဆေးစမ်းတဲ့ ပမာဏထက်တောင် နည်းပါသေးတယ်။ စမ်းနေတုန်း ဘာမှမဖြစ်ဘဲ ထိုးမှ ဓာတ်မတည့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စမ်းလေ့စမ်းထမရှိပါဘူး။ အထူးသဖြင့် ဒီလို အကန့်အသတ်နဲ့ ရတဲ့အခါမျိုးဆို တည့်မယ် မတည့်ဘူး သေသေချာချာမစမ်းနိုင်ဘဲနဲ့ ဆေးတွေကို အလေအလွင့်မခံဘဲ စမ်းမှာ မဟုတ်ပါဘူး။

ဒါဆို စွန့်စားပြီး ထိုးရမှာပေါ့။

ဒီလိုတော့လည်း မဟုတ်ပါဘူး။ ဓာတ်မတည့်ဖြစ်နိုင်ခြေကို နည်းနိုင်သမျှ နည်းအောင် ကြိုပြီး ပြင်ဆင်ထားပါတယ်။

-အရင်ဆုံး ထိုးမယ့်သူကို ဓာတ်မတည့်တာတစ်ခုခုရှိလား မေးပါတယ်။ အစားအစာဖြစ်ဖြစ်၊ ဆေးဖြစ်ဖြစ်ပေါ့။ ဒီလို ဓာတ်မတည့်တာရှိရင် မထိုးရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ ထိုးလို့ရပါတယ်။ ဒါပေမယ့် သူများတွေထက် ဓာတ်မတည့်ဖြစ်နိုင်ခြေ ပိုများတဲ့အတွက် သူတို့ကို ပိုပြီး ဂရုစိုက်စောင့်ကြည့်မယ်။ ပိုပြီး သတိထားပေးပါတယ်။

-ကာကွယ်ဆေးထဲမှာ ပါတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဓာတ်မထည့်ဘူးဆိုရင်လည်း မထိုးပေးပါဘူး။ ဒါပေမယ့် ဒါက လက်တွေ့မှာတော့ စစ်ဖို့ မလွယ်ပါဘူး။

-ပထမတစ်ခါထိုးပြီး ပြင်းထန်ဓာတ်မတည့် ဖြစ်လာတယ်ဆိုရင် ဒုတိယအကြိမ် လုံးဝမထိုးပေးပါဘူး။ ပြင်းထန်ဓာတ်မတည့်ဆိုတာ ထိုးပြီး သွေးပေါင်ကျတာ၊ မောပြီး အသက်ရှူကျပ်လာတာ၊ ဖြေဆေးထိုးရတာ ဒါမျိုးကို ပြောတာပါ။ ဆေးထိုးတဲ့ နေရာက နာတာ၊ အောင့်တာ၊ ဖျားတာကတော့ ခုခံအားက ပြန်တုံ့ပြန်တာကြောင့် ဖြစ်တာပါ။

-နောက်ပြီး လူတိုင်းက ဓာတ်မတည့်ဖြစ်နိုင်တဲ့အတွက် ဆေးထိုးပြီးတဲ့ လူတိုင်းကို မိနစ် ၃၀စောင့်ကြည့်ပါတယ်။ ဆေးထိုးပြီး တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အရေးပေါ်ကုသမှု ပေးနိုင်အောင်လို့ပါ။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကာကွယ်ဆေးက ထိုးရမှလား မထိုးရဘူးလား။

ဓာတ်မတည့်ဘူးဆိုတာကလည်း လူအများထဲမှာက အနည်းအပါးလောက်ပဲ ဖြစ်တာပါ။ ဖြစ်ခဲ့ရင်လည်း အနီးအနားမှာ ဆရာဝန်တွေ၊ ဆရာမတွေက အဆင်သင့်ကုသပေးနိုင်အောင် ပြင်ဆင်ထားကြပါတယ်။

လက်ရှိကာကွယ်ဆေးက ၁၈နှစ်အထက်တွေပဲ ထိုးရတာဖြစ်လို့ ထိုးခြင်း၊ မထိုးခြင်းက တစ်ဦးချင်းဆီရဲ့ ဆန္ဒပါ။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချင့်ချိန်ပြီး ကောင်းကျိုးပိုများရင်တော့ ထိုးသင့်တာပေါ့။ မထိုးခင်မှာတော့ ကိုယ်သိချင်တာကို ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း မေးထားလို့ ရပါတယ်။

ရေးသားသူ Dr. Htet Htet Zaw Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013