
ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ယောက် တွေ့ရပြီး ရှေ့တပတ်ကထက် ၂ ဆလောက် များလာသလို ရန်ကုန်အပြင် တခြားဒေသတွေ ပါလာတယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဇွန် ၁ ရက် ည ၈ နာရီကနေ ဇွန် ၈ ရက် ည ၈ နာရီအထိ တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၅၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ယောက် တွေ့ရတယ်လို့ ဇွန် ၉ ရက် ညမှာ ထုတ်ပြန်လာပါတယ်။
ဇွန် ၁ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ပိုးတွေ့သူ ၁၇ ယောက်၊ ပိုးတွေ့နှုန်း ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး အခုအပတ်မှာတော့ ပိုးတွေ့နှုန်းက ၁ ဒသမ ၄၄ အထိ မြင့်တက်လာပါတယ်။
လူနာတွေ့ရတာကတော့ ရန်ကုန်တိုင်း၊ ကမာရွတ်၊ တာမွေ၊ တိုက်ကြီး၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ဒေါပုံ၊ ပန်းပဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့က ၁ ယောက်စီဖြစ်လို့ ရန်ကုန်တိုင်းထဲမှာ ၁၅ ယောက်တွေ့တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးတော့ ရှမ်းပြည်နယ် တာချီလိတ်မှာ ၁၃ ယောက်၊ ကရင်ပြည်နယ် ဘားအံမှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း ကျွန်းလှမှာ ၁ ယောက်၊ မွန်ပြည်နယ် ကျိုက်ထိုမှာ ၁ ယောက် တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်အထိ ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၈၇ ယောက်၊ သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ မေလ နောက်ဆုံးပတ်မှာပဲ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆ သောင်းခွဲကျော်ရှိပြီး ၃ ယောက်သေတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာဟာ ကမ္ဘာတဝန်းလုံးမှာ၊ အထူးသဖြင့် အရှေ့ပိုင်းမြေထဲပင်လယ်ဒေသမှာ တိုးလာနေပေမယ့် ဒါဟာ ပြီးခဲ့တဲ့နှစ်ကလိုပဲမို့ သိပ်ပြီးတော့ မထူးခြားဘူးလို့ ထုတ်ပြန်ပါတယ်။