DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် Yangon Urban Guerrillas အမည်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ် ၁၄ ဖွဲ့ မဟာမိတ်ဖွဲ့
DVB
·
July 10, 2021
ရန်ကုန်တွင် Yangon Urban Guerrillas အမည်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ် ၁၄ ဖွဲ့ မဟာမိတ်ဖွဲ့
Donate to DVB

ရန်ကုန်မြို့မှာ Yangon Urban Guerrillas အမည်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁၄ ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ထုတ်ရေးအတွက် လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးအင်အားတွေ ကြိုးစားစုဆောင်းနေတယ်လို့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

လက်နက်အင်အား၊ လူအင်အား ဘယ်လောက်စုစည်းထားနိုင်တယ်ဆိုတာကိုတော့ ဖ.ဆ.လ.တ က အတည်ပြုမထုတ်ပြန်သေးပေမယ့် ဖက်ဆစ်ဝါဒကို ဆန့်ကျင်သူ ကျားမ ဘာသာ လူမျိုး လူတန်းစားပေါင်းစုံအဖွဲ့မှာ ပါဝင်တယ်လို့ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ကပြောပါတယ်။

"ဖက်ဆစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ရနိုင်သမျှရင်းမြစ်တွေ အတတ်နိုင်ဆုံး စုဆောင်းနေပါတယ်။ မဟာမိတ်ချိတ်ဆက်မှုတွေလည်း ဆောင်ရွက်ထားရှိပါတယ်။ လောလောဆယ် Yangon Urban Guerrillas နာမည်ခံပြီး မဟာမိတ် ၁၄ ဖွဲ့ အတူတကွ လှုပ်ရှားနေပါတယ်" လို့ ဖ.ဆ.လ.တ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့သတင်းအချက်အလက်ရတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ စစ်ကောင်စီရဲ့ ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အင်အားချည့်နဲ့အောင်ဆောင်ရွက်ဖို့ စနစ်တကျဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့သတင်းပေးတွေ၊ သူလျှိုတွေ၊ ထောက်တိုင်တွေကို ရှင်းလင်းမယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာမက လက်အောက်ခံ ရဲနဲ့ အရန်အင်အားစု ဘယ်သူမဆို ပစ်မှတ်ထားတိုက်ခိုက်ခံရမယ်လို့လည်း ဖ.ဆ.လ.တ က သတိပေးပါတယ်။

"ဖဆလတ က အရပ်သားဖြစ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အရ အရပ်သားမဟုတ်လို့ သတ်မှတ်ခံရသူတွေ အားလုံးက ဖဆလတရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စကစ စစ်သားပင် ဖြစ်နေပါစေ အရပ်သား သတ်မှတ်ချက်ကို လိုက်နာမယ်ဆိုရင် (ဥပမာ CDM ပြုလုပ်ခြင်း) အရပ်သားအဖြစ် သတ်မှတ်ကာကွယ်ပေးခြင်းကို ခံရပါမယ်" လို့ ဖ.ဆ.လ.တ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့တစ်ခုတည်းအနေနဲ့ မတ်လနှောင်းပိုင်းကစပြီး တိုက်ခိုက်မှု ၃၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီလက်အောက်ခံ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ပြည်သူ့ကာကွယ်ရေးအင်အားစုတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒတွေအတိုင်း ရပ်တည်ဖို့ကြိုးစားနေပြီး  ဖက်ဒရယ်တပ်မတော်ထူထောင်တဲ့အခါ ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013