
တရုတ်ရဲ့ တိုးပွားလာတဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဂျပန်အတွက် အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှု ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးအစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။
ဒီစိန်ခေါ်မှုကို နိုင်ငံ့အင်အားစုံသုံးပြီး မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းရင်ဆိုင်ဖို့လည်း တိုက်တွန်း ထားပါတယ်။
စာမျက်နှာ ၅၉၈ မျက်နှာပါတဲ့ အစီရင်ခံစာကို ဩဂုတ် ၄ ရက်မှာ ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံပတ်ဝန်းကျင် လုံခြုံရေးအခြေအနေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် အဆိုးရွားဆုံးနဲ့ အရှုပ်ထွေးဆုံး ဖြစ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက ပြောပါတယ်။
တရုတ်က ဂျပန်အနီးက ပင်လယ်ပြင်နဲ့ အနောက်ပစိဖိတ်ဒေသအထိ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ထိုင်ဝမ်အနီး တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပင်လယ်ရေကြောင်း ပိတ်ဆို့နိုင်ခြေကိုလည်း ဂျပန်က အနီးကပ်စောင့်ကြည့်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ လက်နက်တိုးချဲ့မှုနဲ့ ရုရှား-တရုတ် ဆက်ဆံရေး နီးကပ်လာမှုကိုလည်း လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ဂျပန်အစိုးရက ကာကွယ်ရေးအတွက် ငွေပိုသုံးတာဟာ နိုင်ငံလုံခြုံရေးကို မြှင့်တင်ပေးသလို အလုပ်အကိုင်နဲ့ စီးပွားရေးတိုးတက်မှုကိုလည်း အထောက်အကူပြုမယ်လို့ ဆိုပါတယ်။
လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်ရာမှာ နည်းပညာလုပ်ငန်းသစ်တွေကို ပံ့ပိုးပြီး အရပ်ဘက်သုံးနည်းပညာနဲ့ ပစ္စည်းအစိတ်အပိုင်းတွေကိုပါ အသုံးချဖို့ တိုက်တွန်းထားပါတယ်။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတိုးချဲ့မှုကို လုပ်ဆောင်နေပါတယ်။
ကီလိုမီတာ ၁,၀၀၀ ကျော်အကွာက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းလက်နက်တွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးဖို့လည်း ပြင်ဆင်နေပါတယ်။
Source:Reuters










