DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် အိမ်ခြေ ၆,၀၀၀ ကျော် ပြန်မဆောက်နိုင်
DVB
·
March 19, 2026
Photo:DVB
Photo:DVB
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာနဲ့ ဗုံးကြဲဖျက်ဆီးတာတွေကြောင့် ဒေသခံထောင်ပေါင်း များစွာရဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ၂ နှစ်နီးပါးရှိလာတဲ့တိုင် နေအိမ်တွေ ပြန်မဆောက်နိုင်သေးတဲ့ အကြောင်း ကိုယ်တိုင်ကြုံတွေ့နေရ သူတွေက ပြောပါတယ်။

အာဏာသိမ်း ၅ နှစ်နီးပါးရှိလာချိန်မှာ စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတဝန်း နေအိမ် ၁၁၆,၆၂၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က မတ် ၁၅ ရက်မှာ ထုတ်ပြန် ပါတယ်။

မြို့နယ်အများစုကို AA က ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာတော့ စစ်တပ်နဲ့ AA တိုက်ပွဲအတွင်း မီးရှို့ခံရတာတွေ ရှိသလို AAနဲ့ တိုက်ပွဲတွေမှာ အထိနာတိုင်း စစ်တပ်က လူနေအိမ်တွေကို ဗုံးကြဲတာ တွေလည်း ရှိပါတယ်။

Data For Myanmar ရဲ့ထုတ်ပြန်ချက်အရ ရခိုင်က ‌နေအိမ်ပေါင်း ၆,၁၂၆ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ပါရှိပါတယ်။ 

နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ ဘူးသီးတောင်ဒေသခံ ကိုကျော် (အမည်လွှဲ)က “ကျနော်တို့ ကိုယ်တိုင် ကြုံလိုက်ရတာပါ။ ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ အိမ်တွေက မီးရှို့ခံရတာပေါ့၊ ဘူးသီးတောင်မြို့ပေါ်က ရပ်ကွက်တော်တော်များများ မီးရှို့ခံလိုက်ရတာပါ။ မြို့ပေါ်ကလူတွေကတော့ အဲဒီအချိန်တုန်းက စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတော့၊ အကုန်လုံးက စစ်ရှောင်နေကြရတာ၊ အဲဒီ အချိန်မှာ ဝင်တိုက်လိုက်တာပါ။ စစ်တပ်နဲ့ အပေါင်းအပါ မွတ်စလင်တွေက မီးရှို့တာပါ။ ကျနော့် အိမ်‌ရော အဖေရော ပါသွားတာပေါ့။ ကျနော်တို့မိသားစုကတော့ တဲလေးထိုးပြီး နေကြတာပေါ့။ တခြားမိသားစုတွေလည်း တဲလေးတွေ ထိုးပြီးနေကြတာကိုတွေ့ပါတယ်။ ပြန်ဆောက်နိုင်တဲ့ မိသားစု တွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

အရင်က ကျောင်းဆရာဟောင်းတယောက်ဖြစ်ပြီး နေအိမ်မှာလည်း ဆိုင်ခန်းဖွင့်လှစ်ကာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေခဲ့ပေမဲ့ လက်ရှိမှာတော့ မိသားစုဝင်ရော အိုးအိမ်စည်းစိမ်တွေပါ အကုန်ဆုံးရှုံးခဲ့ရသူ တယောက်ရဲ့ ဖွင့်ဟပြောပြလာတဲ့ ရင်တွင်းခံစားချက်တွေပါ။

၂၀၂၄ ခုနှစ် ဧပြီလအတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ ရပ်ကွက်အများအပြားကို စစ်တပ်နဲ့ ပူးပေါင်းတဲ့ ရိုဟင်ဂျာတွေရဲ့မီးရှို့မှုကြောင့် ဒေသခံပြည်သူထောင်ပေါင်းများစွာရဲ့ အိုးအိမ်စည်းစိမ်တွေအကုန်လုံး ဆုံးရှုံးခဲ့ကြရတာပါ။

အဲဒီဖြစ်စဉ်အတွင်း နေအိမ်ပေါင်း ၂,၀၀၀ နီးပါးလောက် မီးလောင်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ ကိုကျော် ( အမည်လွှဲ) ရဲ့ နေအိမ်နဲ့ဆိုင်ခန်းလေးလည်း ပြာပုံအတိရောက်ခဲ့ရပါတယ်။

ဒါ့အပြင် သူရဲ့ဖခင်ဖြစ်သူမှာလည်း နေအိမ်မီးရှို့မခံရခင် လပိုင်းအလိုကပင် စစ်တပ်နဲ့ အပေါင်းအပါ တွေရဲ့ ဖမ်းဆီးတာကို ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းစကားကိုသာ ကြားသိ ခဲ့ရပြီး ဒီကနေ့အချိန်ထိ ဖခင်ရဲ့ သတင်းအစအနတခုမှတောင် မသိရတော့ပါဘူး။

လက်ရှိမှာတော့ သူနဲ့ ကျန်ရှိတဲ့သူ့မိသားစုဝင်တွေဟာ နေအိမ်မီးလောင်ထားတဲ့ပြာပုံဘေးလေးမှာ တဲလေးထိုးပြီးကာ ခိုလှုံ‌နေထိုင်ရင်း ဘဝရဲ့ အခက်အခဲအကျပ်အတည်းတွေကို ခါးစည်းခံ ရင်ဆိုင် နေကြဆဲပါ။

ဘူးသီးတောင်ဒေသခံ ကိုကျော် ( အမည်လွှဲ)က “ဒီလိုပါဘဲ ကျပန်းအလုပ်လေးတွေ လုပ်ပြီးတော့ နေထိုင်နေရတာပေါ့။ ခုက အလုပ်မှမရှိတော့တာ၊ ဒါနဲ့ပတ်သတ်ပြီးတော့ ခံစားနေရင်လည်း ဘာမှ ရှိလာမှာလည်းမဟုတ်ဘူးလေ။ ဖြစ်လာတာကိုပဲ ဖြည့်စွက်ပြီး ဒီမှာ တိုင်းပြည်ကြီး လွတ်မြောက်ပြီး အေးအေးချမ်းချမ်းနေရရင်ပြီးပြီပေါ့။ အဲဒီလိုပဲ တွေးထားတာပါ”

အိုးအိမ်စည်းစိမ်တွေ မီးရှို့ခံရပြီး ၂ နှစ်နီးပါးရှိလာပေမဲ့ ဘူးသီးတောင်က ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အင်တာနက်လိုင်း ပြတ်တောက်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ငွေကြေးခက်ခဲမှု တွေကြားမှာ ကူညီထောက်ပံ့မှုလည်း မရရှိသလို သက်ဆိုင်ရာအစိုးရအဖွဲ့ဆီက ထိရောက်တဲ့‌ ထောက်ပံ့မှုတွေလည်း ခုချိန်မထိမရသေးပါဘူး။

တဖက်မှာလည်း စစ်တပ်က ခုချိန်ထိ စစ်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာ လေကြောင်းကနေ ဗုံးကြဲ ချမှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ဆုံးရှံးခဲ့ရသလို အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှုတွေ လည်း ရှိနေဆဲပါ။

မြို့ကိုပြန်ရင် လုပ်ကိုင်စားသောက်စရာမရှိတဲ့အတွက် နေရပ်မပြန်သေးတာလို့ စစ်တပ်က လေကြောင်းကနေ မီးလောင်ဗုံးတွေ ကြဲချခဲ့တာကြောင့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရပြီး နေရပ် မပြန်နိုင်သေးတဲ့ အမ်းဒေသခံယောက်က ပြောပါတယ်။

အမ်းဒေသခံတယောက်က “ကျနော်တို့ရွာဆိုရင် နပခ နဲ့နီးတယ်လေ၊ အဲဒီနားမှာ တိုက်ပွဲတွေ ဖြစ်ကြတော့ ကျနော်တို့ရွာကို လေယာဉ်ကနေ မီးလောင်ဗုံးတွေနဲ့ ကြဲချတာ။ အဲဒီမှာ မီးလောင်ပြီး ၇ အိမ်၊ ၈ အိမ်လောက် ပါသွားပါတယ်။ အမ်းတိုက်ပွဲစကတည်းက စစ်ရှောင်ရင်းနဲ့ပဲ အဆင်ပြေသလို လုပ်စားနေကြပါတယ်။ အဆင်ပြေသလို ဆွေမျိုးတွေအိမ်မှာ ကပ်ပြီး နေကြရတာပေါ့။ အမ်းက နဂိုကတည်းက အရမ်းတိုးတက်နေတာမဟုတ်တော့ ခုကပိုဆိုးတာ ပေါ့နော်။ လုပ်စားကိုင်စားဖို့က လည်း မလွယ်ဘူး။ ဒါကြောင့် ခုချိန်ထိ ပြန်လာဖို့ အခက်အခဲတွေကြောင့် စစ်ရှောင်ရင်းပဲ ရှိနေတာပါ။ ခုဆိုရင် နေအိမ် မီးလောင်ပြီးပျက်စီးသွားတာ တနှစ်ကျော်ပါပြီ။ ဒါပေမဲ့ ခုချိန်ထိ ပြန်မလာနိုင်သေးဘဲ စစ်ရှောင်နေရဆဲပါ။ နေအိမ်တွေပြန်ဆောက်နိုင်တဲ့သူတွေလည်း တယောက်မှ ကို မရှိသေးတာပါ”လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အပြင် အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြားမှာ ပြန်လည် တည်ဆောက် နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013