
ဧရာဝတီကမ်းလွန်နဲ့ တနင်္သာရီကမ်းလွန်ဒေသတို့မှာ ပမာဏ ၁၁၀ ထရီလီယံကုဗပေလောက်ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ တွေ့ထားတယ်လို့ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်ချိရေးက ဇွန် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သဘာဝဓာတ်ငွေ့တွေကို လက်ရှိမှာ မြန်မာ့ကမ်းလွန်စီမံကိန်းတွေကနေ ထုတ်ယူနေပြီး လက်ရှိ ထုတ်လုပ်နေတဲ့ စီမံကိန်းတွေရှိတဲ့ ရေတိမ်ပိုင်း ကမ်းလွန်ဒေသတွေအပြင် ရေနက်ပိုင်း ကမ်းလွန် ဒေသတွေမှာလည်း ကြီးမားတဲ့ သဘာဝဓာတ်ငွေ့ ခိုအောင်းတာတွေ ရှိနေတယ်လို့ ဘူမိဗေဒ ပညာရှင်တွေက ပင်လယ်ရေအောက်မှာရှိတဲ့ သဲကြောတွေကို 3D Seismic ပြုလုပ်ရရှိလာတဲ့ အချက်အလက်တွေနဲ့ စမ်းသပ်တူးဖော်ခဲ့တဲ့ ရှာဖွေရေးတွင်းတွေရဲ့ ရလဒ်တွေကိုအခြေပြုပြီး အတည်ပြုကြတာလို့ ဆိုပါတယ်။
စီမံကိန်းအသစ် ၄ ခုလုပ်ခဲ့ပြီး အဲဒီထဲက ဧရာဝတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းမှာ အစမ်းတွင်းနဲ့ အတည်ပြုတွင်းတွေ တူးကြည့်တာမှာ ရာနှုန်းပြည့်သေချာတဲ့ သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိ ထွက်ဖို့အလားအလာရှိတဲ့ ဓာတ်ငွေ့သိုက်ဖြစ်တာကြောင့် စီးပွားဖြစ်တူးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းမှာတော့ သဘာဝဓာတ်ငွေ့သိုက်လို့ ၉၀ ရာခိုင်နှုန်း လောက် အတည်ပြုထားပြီး ပမာဏ ၉၅ ထရီလီယံကုဗပေလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အစမ်းတွင်းတွေ ဆက်တူးပြီးရင် ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏကို တိတိကျကျသိရမှာဖြစ်ပြီး စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီပမာဏတွေဟာ လက်ရှိဈေးနှုန်းအရဆိုရင် ဒေါ်လာ ဘီလီယံ ၃၃၀ (သန်း ၃ သိန်း ၃ သောင်း) ကနေ ၁ ဒသမ ၁ ထရီလီယံ (သန်းပေါင်း ၁ သန်းနဲ့ ၁ သိန်း)အထိ ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိမှာလည်း သဘာဝဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း ၄ ခုရှိနေပြီး ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေ စီမံကိန်းတို့ ဖြစ်ပါတယ်။
ဒီစီမံကိန်း ၄ ခုကနေ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁,၃၀၀ ကျော်ထွက်ရှိပြီး ၁,၀၀၀ ကျော်ကတော့ ပြည်ပကို တင်ပို့တာဖြစ်ပါတယ်။ ရွှေစီမံကိန်းကထွက်တဲ့ ဓာတ်ငွေ့ကို တရုတ်ကို အဓိကတင်ပို့ပြီး ဇောတိက၊ ရတနာ၊ ရဲတံခွန်ကနေ ထွက်တဲ့ ဓာတ်ငွေ့ကိုတော့ ထိုင်းကို တင်ပို့ ပါတယ်။










