DVB Logo
Home
မြန်မာသတင်း
ပျူစောထီးအဖွဲ့ ပစ်သတ်ခဲ့သည့် NLD ပါတီဝင် ကိုမဲကြီး အပါအဝင် ကျဆုံးပြည်သူ ၈၉၄ ဦးရှိလာ
DVB
·
July 7, 2021
ပျူစောထီးအဖွဲ့ ပစ်သတ်ခဲ့သည့် NLD ပါတီဝင် ကိုမဲကြီး အပါအဝင် ကျဆုံးပြည်သူ ၈၉၄ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၉၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၅၂၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၀၉၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၄၁ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရကာ သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၅ ရက် ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တဦးဖြစ်တဲ့ ကိုခင်ကျော်(ခ)ကိုမဲကြီးကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ပျူစောထီးအဖွဲ့က ပစ်သတ်သွားခဲ့ကာ ရုပ်အလောင်းကို အကြမ်းဖက် စစ်အုပ်စုက နေအိမ်မှာ လာရောက် ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့မှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေး (ဒလန်) သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းထောက် ကိုအောင်ကြီး နဲ့ အသက် ၈၀ အရွယ်ရှိ ဖခင်ဖြစ်သူ ပေါင်းတည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် တရားရုံးချုပ်ရှေ့နေ ဦးစံမောင်တို့ကို ဇူလိုင် ၄ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ကိုစိုးဌေးကို ဖမ်းဆီးရမိခြင်း မရှိတာကြောင့် ဓားစာခံအဖြစ် သမီးဖြစ်သူ ဥပဒေ တတိယနှစ်ကျောင်းသူ မသိမ့်စန္ဒီစိုးကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ မသိမ့်စန္ဒီစိုးမှာ သွေးလေးဘက်နာရောဂါရှိပြီး ဆေးကုသခွင့်လည်း မရှိတာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013