
ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ဘော်လီဘောပြိုင်ပွဲဖြစ်တဲ့ ၂၀၂၆-၂၇ ရာသီ "Daido Life SV.LEAGUE WOMEN" အဖွင့်ပွဲစဉ် (ပွဲစဉ်-၁) ကို အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေက ကျင်းပခဲ့ရာမှာ Denso Airybees အသင်းရဲ့ လက်ရွေးစင်အဖြစ် ပါဝင်ကစားနေတဲ့ ဂျပန်နိုင်ငံဖွား ရခိုင်တိုင်းရင်းသူလေး မရည်မွန်မြတ်က MVP ဆု ရရှိခဲ့သလို၊ အသင်းကလည်း အဝေးကွင်းမှာ ၂ ပွဲဆက်တိုက် အနိုင်ရရှိပြီး ရာသီအဖွင့် တာထွက်လှခဲ့ပါတယ်။
Denso Airybees အသင်းဟာ အဝေးကွင်းဖြစ်တဲ့ Ripro Budokan အားကစားရုံမှာ Saitama Ageo Medics အသင်းနဲ့ ၂ ရက်ဆက်တိုက် ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၇ ရက် ပထမဆုံးပွဲစဉ်မှာ မရည်မွန်မြတ်က အရေးပါတဲ့ အမှတ်တွေ ရယူပေးပြီး ပွဲချိန်တလျှောက် အသာစီးရယူနိုင်ခဲ့ကာ ပွဲပြတ်အနိုင်ရရှိခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု (MVP) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက် ဒုတိယနေ့ပွဲစဉ် (GAME 2) မှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ပွဲငယ် ၅ ပွဲအထိ (Full Set) ကစားခဲ့ရကာ Denso Airybees အသင်းက (၃ - ၂) ပွဲနဲ့ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် ရာသီအဖွင့် ၂ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး မရည်မွန်မြတ်က အဆိုပါပြိုင်ပွဲမှာ တဦးတည်း ၂၈ မှတ်နဲ့ အမှတ်အများဆုံး ရရှိခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်၊ အရပ် ၁၇၉ စင်တီမီတာရှိပြီး အသင်းရဲ့ ကျောနံပါတ် (၁၇) တောင်ပံတိုက်စစ်မှူး မရည်မွန်မြတ်ဟာ ရခိုင်တိုင်းရင်းသား မိဘကနေ ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပြီးအစ်ကိုဖြစ်သူ ကိုကောင်းဇံမရတ်ကလည်းဂျပန်ဘောလုံးထိပ်သီးကလပ် FC Machida Zelvia အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုထားတဲ့ လက်ရွေးစင် ဂိုးသမား ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးမြတ်သူဟာ မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်းတယောက် ဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) မှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဖခင်ရဲ့ အားကစားဗီဇနဲ့ ခြေရာကို အပြည့်အဝ အမွေဆက်ခံထားသူလို့ ဆိုနိုင်ပါတယ်။
ဖခင်ဖြစ်သူ ဦးမြတ်သူက “ကျနော့်ရဲ့ ဘော်လီဘောမျိုးဆက်ကို သမီးက ဆက်လက်ခံယူတာမို့ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်” လို့ DVB) ကို ပြောပြပါတယ်။
ဂျပန်နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ပေမဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် သမီးဖြစ်သူရဲ့ သဘောထားနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက DVB ကိုပြောပြပါတယ်။
“သမီးက မြန်မာနိုင်ငံကို သွားလည်ချင်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် စိုးရိမ်ထိတ်လန့်ပြီး မသွားရဲသေးဘူး ဖြစ်နေပါတယ်။ ဒါပေမဲ့ တနေ့နေ့မှာတော့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်လို့ ပြောပါတယ်။”
မိခင်တယောက်အနေနဲ့ သမီးဖြစ်သူအပေါ် ထားရှိတဲ့ မျှော်လင့်ချက် ဆန္ဒကိုလည်း မေးမြန်းခဲ့ရာမှာ - “ဒီအဆင့်အထိ ရောက်လာပြီးမှတော့ မြန်မာဆိုတဲ့ ဂုဏ်ယူစိတ်အပြည့်နဲ့ ဂျပန်လက်ရွေးစင် ကစားသမားတယောက်ဖြစ်လာပြီး၊ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ခွန်အား၊ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို ဂျပန်မှာရော ကမ္ဘာ့အလယ်မှာပါ ကိုယ်စားပြု ပြသနိုင်စေချင်ပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ နိုင်ငံနဲ့ အစိုးရစနစ် မကောင်းမွန်တာကြောင့်သာ ရှေ့မရောက်နိုင်ဖြစ်နေရတာ၊ ပတ်ဝန်းကျင်ကောင်းသာ ရရှိမယ်ဆိုရင် ကျမတို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို ကမ္ဘာကသိအောင် ပြသချင်ပါတယ်။ မြန်မာနိုင်ငံလည်း အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်” လို့ မိခင်ဖြစ်သူက ရင်ဖွင့်ပြောပါတယ်။
ဒါ့အပြင် Denso Airybees အသင်းရဲ့ အသင်းဖော်တွေဖြစ်ကြတဲ့ ကစားသမား ယာမာရှီတနဲ့ ယာမာဇာကီတို့က မရည်မွန်မြတ်ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး “ပေါက်ကွဲအား အရမ်းကောင်းပြီး အမြဲတမ်း အားအပြည့်နဲ့ ကစားတတ်သူဖြစ်ကြောင်း၊ ပင်ကိုယ်ဗီဇအတိုင်း ကစားနေသလို ထင်ရပေမဲ့ တကယ်တမ်းမှာ ဦးနှောက်ကို အပြည့်အဝအသုံးချပြီး ဘာလုပ်ရမလဲဆိုတာ အမြဲစဉ်းစားကစားတတ်တဲ့ စိတ်ဓာတ်ခိုင်မာသူဖြစ်ကြောင်း၊ ပြင်ပဘဝမှာလည်း စာအုပ်ဖတ်ခြင်း၊ ဂီတနားထောင်ခြင်းနဲ့ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခြင်း အနုပညာဆန်တဲ့အရာတွေကို နှစ်သက်တတ်သူဖြစ်ကြောင်း” ချီးကျူးမှတ်ချက်ပြုထားကြပါတယ်။
မရည်မွန်မြတ် ပါဝင်ကစားနေတဲ့ Denso Airybees အသင်းဟာ လာမဲ့ အောက်တိုဘာ ၂၃ ရက် မှာအသင်းရဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်အဖြစ် ဖူကူရှီးမားခရိုင်၊ ကိုရီယာမာမြို့ရှိ Horaiya Bonds Arena အားကစားရုံမှာ SAGA Hisamitsu Springs အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာပါ။
အခုနှစ် ၂၀၂၆-၂၇ ရာသီ "Daido Life SV.LEAGUE WOMEN" ပြိုင်ပွဲဗိုလ်လုပွဲ ကိုတော့ ၂၀၂၇ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။











