DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် မုံရွာမှ ကိုအောင်ဇော်မျိုး အပါအဝင် ကျဆုံးပြည်သူ ၈၉၂ ဦးရှိလာ
DVB
·
July 6, 2021
နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် မုံရွာမှ ကိုအောင်ဇော်မျိုး အပါအဝင် ကျဆုံးပြည်သူ ၈၉၂ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၉၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၅၁၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၀၈၅ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၄၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သပိတ်စစ်ကြောင်းရဲ့ သပိတ်ခေါင်းဆောင် ကိုမြတ်သူအပါအဝင် ၄ ယောက်ဟာ နေအိမ်တအိမ်မှာ ရှိနေချိန် အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စုက ကျေးရွာအုပ် ချုပ်ရေးမှူး ဦးမျိုးမင်းစိုး (ခေါ်) ကိုပိုးဟက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဇူလိုင် ၁ ရက်နေ့က စက်မှုဇုန်ရပ်ကွက် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ် ကိုအောင်ဇော်မျိုး (ခေါ်) ကိုအငယ်လေးဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ကာ နောက်တရက်မှာတော့ မိသားစုဆီ ရုပ်အလောင်းအဖြစ်နဲ့သာ ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013