DVB Logo
Home
မြန်မာသတင်း
ပျူစောထီးအဖွဲ့ ပစ်သတ်ခဲ့သည့် မုံရွာမှ ကျောင်းဆရာဇနီးမောင်နှံအပါအဝင် ကျဆုံးပြည်သူ ၈၉၀ ရှိလာ
DVB
·
July 4, 2021
ပျူစောထီးအဖွဲ့ ပစ်သတ်ခဲ့သည့် မုံရွာမှ ကျောင်းဆရာဇနီးမောင်နှံအပါအဝင် ကျဆုံးပြည်သူ ၈၉၀ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၉၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၈၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၀၈၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂ ရက်နေ့ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ပုဂ္ဂလိကကျောင်း အထက်တန်းပြဆရာ ဦးမိုးဟိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလှိုင်တို့ကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေအဖွဲ့ဖြစ်တဲ့ ပျူစောထီးအဖွဲ့က ပစ်သတ်သွားခဲ့ကြပါတယ်။

တရက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ သူနာပြုတယောက်ဖြစ်သူ မပွင့်ဝေကို ရဲတွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ Bago Weekly ဂျာနယ်က ကိုငြိမ်းချမ်းဝေဟာ ဇွန် ၂၉ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ထပ်တိုး တရားစွဲဆိုခံထားရတယ်လို့ သိရှိရပြီး သူ့ကိုတော့ လက်ပံတန်းမြိုနေအိမ်မှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ ညအချိန်မှာ ဖမ်းဆီးသွားခဲ့ကြတာ ဖြစ်ပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013