DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၂၇ မြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်များချိတ်ဆက်ဆောင်ရွက်နိုင်ပြီဟု SPDF ပြော
DVB
·
July 2, 2021
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးရှိ  ၃၇ မြို့နယ်မှာ ၂၇ မြို့နယ်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေ ချိတ်ဆက်လှုပ်ရှားနိုင်ပြီလို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ် SPDF ခေါင်းဆောင် ကိုသူရိန်ကပြောပါတယ်။

SPDF ရဲ့ အဓိကရည်မှန်းချက်က စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ရေးဖြစ်ပြီး လတ်တလော ကြားကာလ စီမံချက်အရ စစ်ကိုင်းတိုင်းထဲကပြည်သူတွေကို အကာအကွယ်ပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ၁၀ မြို့နယ်အထိ မြေပြင်တိုက်ပွဲတွေဖော်ဆောင်နေပြီး စစ်ကောင်စီအရာရှိတချို့ကို သုတ်သင်နိုင်ခဲ့တယ်လို့လည်း  SPDF ဆိုပါတယ်။

SPDF ခေါင်းဆောင် ကိုသူရိန်က “စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ကို စဖော်ဆောင်တာ ၂ လလောက်ရှိပြီ။ ပြောက်ကျားနည်းကို အသုံးပြုပြီးတော့မှ မြေပြင်တိုက်ပွဲတွေကို ဖော် ဆောင်နေပါတယ်။ ပြည်သူလူထုထိခိုက်နစ်နာနိုင်ခြေရှိတဲ့နေရာတွေမှာ တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ဘဲနဲ့  ပြည်သူလူထု အန္တရာယ်ကင်းအောင်အဓိကထားပြီး မြေပြင်တိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေအတိုင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း မြို့နယ်အသီးသီးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စုစည်းချိတ်ဆက်ထားတယ်လို့လည်း ဆိုပါတယ်။ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မှာပါဝင်တဲ့ ရဲဘော်တွေကို နိုင်ငံရေးသဘောတရားတွေ၊ စစ်သင်တန်းတွေ၊ စစ်ပွဲကာလအတွင်းလိုက်နာသင့်တဲ့ စည်ကမ်းတွေကို စနစ်တကျသင်ကြားပေးထားတယ်လို့လည်း ဆိုပါတယ်။ 

SPDF ခေါင်းဆောင် ကိုသူရိန်က “NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာပြီး ဖွဲ့စည်းထားတာဖြစ်တယ်။ တချို့မြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့ငယ်လေးတွေ အများကြီးပေါ်ပေါက်လာတာရှိတယ်။ ဒါတွေကို စုစည်းပြီးတော့မှ မြို့နယ် PDF တွေအဖြစ် ဖွဲ့စည်းပေးတာတွေရှိတယ်။ အကြမ်းဖက်စစ်ကောင်စီကိုရသမျှနည်းလမ်းတွေနဲ့ တိုက်ခိုက်ကြဖို့ မြို့နယ်မှာရှိတဲ့ ဦးဆောင်သူတွေနဲ့ချိတ်ဆက်ပြီးတော့ စစ်ဆင်ရေးနည်းနာတွေအပြင် လက်နက်ကိုင်လမ်းစဉ်ဆိုတာကလည်း နိုင်ငံရေးသဘောတရားမခိုင်မာရင် အန္တရာယ်များတဲ့နည်းလမ်းဖြစ်တယ်။ နိုင်ငံရေးသဘောတရားတွေအပြင် စစ်ပွဲကာလတွေမှာ လိုက်နာသင့်တဲ့ ဂျနီဗာကွန်ဗန်းရှင်းလို စည်းကမ်းတွေ လိုက်နာဖို့၊ ပြည်သူလူထုထိခိုက်မှုမရှိဖို့ အဓိက ချိတ်ဆက်ပြီးဆောင်ရွက်တယ်။ နိုင်ငံရေးဦးဆောင်သော လက်နက်ကိုင်တော်လှန်ရေး ဖြစ်ဖို့လည်း ဆောင်ရွက်တယ်။ အမိန့်ပေးစနစ်တွေကောင်းမွန်ဖို့၊ သူတလူငါတမင်းမဖြစ်ဖို့၊  ပြန်ကျဲနေတာမျိုးမဟုတ်ဘဲ တစုတစည်းထဲဖြစ်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ SPDF ခေါင်းဆောင် ကိုသူရိန်က ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းမှာ ရပ်ကျေးအဆင့်အထိ ခြေကုပ်ယူဖို့ကြိုးစားနေတဲ့အတွက် ပြောက်ကျားစနစ်ကိုသုံးပြီး ခြေကုပ်ယူလို့မရအောင် တိုက်ပွဲဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။ SPDF တွေရဲ့အခက်အခဲကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရင် လုံလောက်တဲ့ ကျန်းမာရေးအထောက်အပံ့ရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

“လုံခြုံတဲ့နေရာတွေကနေပဲ တိုက်ပွဲဝင်ခါနီးမှပဲ ထွက်ပြီးတိုက်ပွဲဝင်ကြတယ်။ လုံခြုံမှုအခြေအနေကတော့မရှိပါဘူး။ စပြီးတိုက်ပွဲတွေဖြစ်ကတည်းက နှစ်ဖက် အထိအခိုက် အကျအဆုံးတွေရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ရာထူးကြီးကြီး အရာရှိပိုင်းတွေအထိကျဆုံးသလို ကျနော်တို့ဘက်ကလည်း ကျဆုံးတာတွေရှိတယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက ပျူစောထီးလို လက်ပါးစေအဖွဲ့တွေကိုသုံးပြီး PDF တွေကိုတုံ့ပြန်ဖို့ကြိုးစားတာ၊ ပြည်သူတွေကိုလူသားဒိုင်းအဖြစ်အသုံးပြုတာတွေရှိနေတဲ့အတွက် တိုက်ပွဲဖော်ဆောင်ရတာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်း PDF အနေနဲ့ ပြည်သူတွေထိခိုက်မယ့်အခြေအနေကို လုံးဝရှောင်ရှားပြီး စစ်ကောင်စီကိုပဲ အဓိက ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013