DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် နေရာအခက်အခဲ ကြုံနေရ
DVB
·
July 2, 2021
လားရှိုးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် နေရာအခက်အခဲ ကြုံနေရ
Donate to DVB

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အရမ်းများလာတာကြောင့် နေရာအခက်အခဲနဲ့ အဆင်မပြေမှုတွေ  ကြုံနေရတယ်လို့ လားရှိုး Covid – 19 Operation Team က ပြောပါတယ်။

လားရှိုးမြို့မှာ ဇွန်လ ၁ ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၆၁ ဦးထိ ပိုးတွေ့နှုန်း မြင့်လာတယ်လို့ ဆိုပါတယ်။

ဇွန်လ ၃၀ ရက်နေ့က Swab ယူထားသူ ၁၅၂ ဦးထဲမှ ပိုးတွေ့လူနာ ၅၃ ဦး ထွက်ရှိပြီး ဇူလိုင်လ ၁ ရက်နေ့က အရေးပေါ်လူနာတွေကို RDT နဲ့ စစ်ဆေးချက် အဖြေအရ ၈ ဦး စုစုပေါင်း ဇွန်လိုင် ၁ ရက်တည်း ပိုးတွေ့လူနာသစ် ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့ကစ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ပိုး စတင်တွေ့ခဲ့ပြီး  ဇူလိုင်လ ၁ ရက်နေ့ထိ ပိုးတွေ့လူနာ အယောက် ၄၈၀ နဲ့ သေဆုံးသူ ၁၀ ဦး‌‌ကျော်၊ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းလာသူ ၁၀၀ ကျော် ရှိပြီ ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေအတွက် လားရှိုးပြည်သူ့ဆေးရုံကြီး ရောဂါကြပ်မတ် ကုသဆောင်တွေမှာ နေရာမလုံ‌လောက်‌တော့လို့ မိုးလုံလေလုံ အားကစားကွင်းဘက်ကို ယာယီဆေးရုံအဖြစ် နေရာထပ်တိုး ပြောင်းရွှေ့ကာ အမျိုးသား ၁ဝဝ၊ အမျိုးသမီး ၁ဝ၀ စုစုပေါင်း လူဦးရေ ၂၀၀ ကို ဇွန်လ ၂၇ ရက်နေ့ညနေပိုင်းကစတင်ကာ လက်ခံကုသပေးနေတာဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ကုသရေး တာဝန်ရှိသူတဦးက "ပိုးတွေ့လူနာထားဖို့ မိုးလုံလေလုံကွင်းထဲမှာလဲ နေရာအခက်အခဲ ဖြစ်လာပါတယ်။ လတ်တလောမှာ လူနာများအတွက် အဆင်မပြေမှုတချို့ရှိနေတယ်။ အလုံပိတ်ပုံစံဖြစ်နေလို့ အသက်ရှူမဝတာတွေလည်း ဖြစ်နေတယ်။" လို့ ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကတော့ လေဝင် ပေါက်တချို့ ဖွင့်ပေးခဲ့ကြောင်း သူက ရှင်းပြပါတယ်။ နေရာကိုတော့ ဌာနဆိုင်ရာကနေ ထပ်ပြီး စီစဉ်ထားတယ်လို့ ဆိုပါတယ်။

"မစီစဉ်လို့မရဘူးဆိုတာ ကျနော်တို့ဆီမှာ လူနာကတိုးနေတယ်။ တောက်လျှောက် Rate က တက်နေတာ။"

လက်ရှိမှာ ပိုးတွေ့လူနာတွေကို မိုးလုံလေလုံ အားကစားကွင်းမှာ ထားရှိကာ အရေးပေါ်အခြေအနေဖြစ်လာတဲ့ လူနာတွေကို လားရှိုး ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်ကို ပြန်လည် ရွှေ့ပြောင်း ပို့ဆောင်ရပြီး အဲဒီလို့ ပို့ဆောင်‌ချိန်မှာလည်း ဆေးရုံကြီးမှာ နေရာမရှိတာကြောင့် လူနာတွေနဲ့ လူနာတင်ယာဉ်တွေ အချိန်ကြာမြင့်စွာ ဆေးရုံရှေ့မှာ စောင့်ဆိုင်းနေရပါတယ်။

“လက်ရှိက ရွှေ့ပြောင်းတဲ့ နေရာတွေမှာ အခက်အခဲတွေက တအားများနေတာ။ ရွှေ့တဲ့အခါမှာ သူတို့ နေရာအဆင်သင့် မဖြစ်တဲ့အခါ ခေါ်တော့ ကျနော်တို့မှာ တအား ဒုက္ခရောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ ဆေးရုံရှေ့မှာ ကျနော်တို့ကို ဘယ်သူမှ လာမကြည့်ဘူးဗျာ။ နေရာမရှိဘူးဆိုပြီးတော့ တာဝန်မဲ့တာပေါ့ဗျာ။ ပြောချင်တာက။ နေရာမရှိသေးဘူးဆိုရင် ကျနော်ပြောတာ နေရာမရှိသေးရင် သူတို့မခေါ်နှင့်လေ။ မဟုတ်ဘူးလား။ လူနာတွေကျတော့လည်း ဒီတိုင်း ကျနော်တို့ ကားပေါ်ထားရတယ်။ သူတို့ကျတော့ လူနာနားကို ကပ်ရမှာတောင်ကြောက်တယ်ဗျာ။ ကျနော်တို့ကျတော့ ဒီကားကြီးနဲ့ ဒီလူနာနဲ့ နှစ်နာရီလောက် ပစ်ထားတယ်ဗျာ။ အဲလိုမျိုးတွေ ဖြစ်လာပြီ အခု တဖြည်းဖြည်းနဲ့။”

တစ်ချို့ပိုးတွေ့လူနာတွေက လာခေါ်တဲ့အချိန် မလိုက်ချင်တာ၊ ကလေးမို့လို့ ထည့်မပေးလိုက်ချင်တာ စတဲ့ Complain တွေက ကြီးမားတဲ့ နောက်ထပ် အခက်အခဲတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ ကြီးကြီးမားမား အခက်အခဲရှိတာ ဘာလဲဆိုတော့ အခု ဌာနဆိုင်ရာတွေ ပိုးတွေ့များလာတယ်။ အဲ ပိုးတွေ့များလာတဲ့အထဲမှာမှ တချို့ဌာနဆိုင်ရာတွေက ငါကတော့ ဘယ်သူမို့လို့ မသွားသေးဘူးတို့ မလိုက်သေးဘူးတို့၊ ကလေးမို့လို့ မထည့်နိုင်ဘူးတို့ လူကြီးပြောပြီးသားတို့ အဲလို Complain တွေတက်တာပေါ့။ ဝန်ထမ်းဆိုလည်း ဝန်ထမ်းဆိုတာ ပြည်သူထက်ပိုပြီးမှ လိုက်နာမှုရှိရမယ် စည်းကမ်းရှိအောင်။ ခုကျတော့ မဟုတ်ဘူးဗျ။ ကျနော်တို့မှာ အခက်ခဲက အဓိက Main က အဲဒါပဲ။ ဌာနဆိုင်ရာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ စည်းကမ်းတိုင်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ အခုက အဲလိုမျိုးတွေတော့ ရှိနေတယ်ဗျ။ ငါတို့တွေက ဝန်ထမ်း ဆိုတဲ့ပုံစံမျိုးတွေ။”

ကျန်းမာရေး ဝန်ထမ်းအပါအဝင် အခြားဝန်ထမ်း‌‌တော်တော်များများ ရောဂါကူးစက်မှုခံနေရတယ်လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

"ပြင်ပလူနာတွေက လက်မခံနိုင်တာက သေချာသွားပြီ။ ကျနော်လည်း သွားမမေးဘူးဗျ။ သွားမမေးဘူးဆိုတာ ဒီ ကျန်းမာရေးပိုင်းပ ဆရာ၊ ဆရာမတွေ တော်တော်များများ ထိလာပြီ။ ဟိုတနေ့ ကျန်းမာရေး ဝန်ထမ်းဆို ၁၂ ဦး ထိတာ။" လို့ သူက ပြောပါတယ်။

First Wave, Second Wave တုန်းက ပရဟိတ ကားတွေကများပေမယ့် အခု တတိယလှိုင်းမှာတော့ ပရဟိတကား၊ လူမှုကူညီရေး အသင်းတွေ နည်းသွားတာကြောင့် နေ့ည မအား နိုင်သလောက် ကြိုးစားလုပ်ဆောင်ပေမယ့် အဆင်မပြေတာတွေ ရှိလာပါတယ်လို့ လက်တွေ့ ပါဝင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

"ကျနော်တို့မှာ အချိန်ညှိရတာလေ။ တစ်ရက် တစ်ရက်ကို ထွက်နေတဲ့ Positive တွေ။ နောက် အသည်းအသန်ဖြစ်တဲ့ ရွှေ့ပြောင်းလူနာတွေ။ နောက် စစ်ရတဲ့ဟာတွေ။ ဆေးရုံဆင်းတွေ" ။

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၁၄ မြို့နယ်က ပိုးတွေ့လူနာ ၁၀၀၀ ကျော်ရှိလာပြီး ဇွန်လ ၈ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ လားရှိုးမှာ  ၄၈၀ ဦး၊ ၇ ဦး သေဆုံး၊ ဇွန်လ ၂၉ ရက်ထိ လောက်ကိုင်မှာ ၂၃၇ ဦး၊ နောင်ချိုမှာ  ၂၁၉ ဦး၊ ၁ ဦး သေဆုံး၊ သီပေါနဲ့ နမ့်လန်မှာ ၇၈ ဦး၊ ၃ ဦး သေဆုံး၊ နမ့်ခမ်းမှာ ၄၇ ဦး၊ တန့်ယန်းမှာ ၁၀ ဦး၊ ၂ ဦး သေဆုံး၊  ဟိုပန်မှာ ၇ ဦး၊ နမ္မတူမှာ ၅ ဦး၊ ဇွန်လ ၂၈ ရက်နေ့ထိ ကျောက်မဲမှာ  ၂၀ ဦး၊ မူဆယ်မှာ ၁၅ ဦး၊ မိုးမိတ်မှာ  ၁၅ ဦး၊ ကွတ်ခိုင်မှာ ၉ ဦး၊ သိန္နီမှာ ၅ ဦးနဲ့ ဇွန်လ ၁၈ ရက်နေ့ထိ မိုင်းရယ်မှာ ၆ ဦး စုစုပေါင်း ပိုးတွေ့လူနာ ၁၀၀၀ ကျော် ရှိလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013